ထားဝယ်မှာ သုံးပတ်အတွင်း PDF စခန်းနှစ်ခုကို စစ်ကောင်စီကစီးနင်းသိမ်းပိုက်ပြီး မီးရှို့
ထားဝယ်မှာ သုံးပတ်အတွင်း PDF စခန်းနှစ်ခုကို စစ်ကောင်စီကစီးနင်းသိမ်းပိုက်ပြီး မီးရှို့

စစ်ကောင်စီတပ်က သုံးပတ်အတွင်း ထားဝယ်မြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်စခန်းနှစ်ခုကို စီးနင်းသိမ်းပိုက်ပြီး မီးရှို့ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ ဒေသခံတွေကဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ရန်ကုန်-ထားဝယ်ကားလမ်းအရှေ့ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် ကင်းကုန်းရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီး မီးရှို့ခဲ့ပါတယ်။
ရက်နှစ်ဆယ်နီးပါးအကြာ ဒီကနေ့မနက် အစောပိုင်းမှာလည်း ထားဝယ်မြို့နယ်က ဥယျာဥ်ကြီးနဲ့ အညာဖျားရွာဘက်ကို စစ်ကြောင်းထိုးပြီးနောက် အညာဖျားကျေးရွာအနီးမှာရှိတဲ့ NUGရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) စခန်းကို သိမ်းပိုက်ပြီး မီးရှို့လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သတင်းအတိအကျနဲ့လာတဲ့ပုံပါပဲ။ ရဲဘော်တွေကတော့ ကြိုသိကြမှာပေါ့။ သိမ်းပြီးတော့ မီးလည်းရှို့နေကြတယ်။ မီးခိုးတွေမြင်တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စခန်းသိမ်းပြီးနောက် အခုနေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာလည်း စစ်ကောင်စီတပ်ဘက်က K8W ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးလာရောက်ကြဲချခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စခန်းသိမ်းခံရတာနဲ့ ဗုံးကြဲခံရတာတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာတော့ အညာဖျားရွာအနီးမှာ လူနေတဲ ၉ ဆောင်၊ ထမင်းချက်ဆောင် ၁ ဆောင်၊ ကင်းတဲ ၁ ခုနဲ့ ဆက်သွယ်ရေးမြောင်းတွေပါတဲ့ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့အချိန် PDF အလောင်း ၂ လောင်းအပြင် လက်နက်နဲ့ ကျည်ဆံတွေသိမ်းမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ဆိုပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း (၁)ရဲ့ တာဝန်ရှိသူကိုမေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလက သိမ်းပိုက်ခံခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်စခန်းမှာတော့ ပြည်သူ့ကာကွယ်ရေးရဲဘော်ထိခိုက်မှုမရှိခဲ့ဘဲ လက်နက်ခဲယမ်းတချို့ကိုသာ စစ်ကောင်စီတပ်က သိမ်းမိခဲ့တယ်လို့ တပ်ဖွဲ့နဲ့နီးစပ်သူတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မှာ စစ်ကြောင်းထိုးနေတဲ့ ဥယျာဥ်ကြီးနဲ့ အညာဖျားရွာတွေအပြင် တလိုင်းတောင်ရွာကနေ ပကာရီကျေးရွာအထိ လမ်းမကြီးတစ်လျှောက်မှာလည်း အင်အား ၂၀၀ လောက်နဲ့ တပ်ဖြန့်ထားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
စစ်ကြောင်းထိုးပြီး စခန်းသိမ်းတိုက်ခိုက်မှုလုပ်ဆောင်နေတဲ့ ထားဝယ်ခရိုင်က စစ်ကောင်စီစစ်ကြောင်းမှာ စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ စစ်ကောင်စီတပ်သားသစ်တွေ အများအပြားပါဝင်နေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
The Tanintharyi Times