ထားဝယ် အရှေ့တောဒေသက ကျေးရွာချင်းဆက်လမ်းကို ဖျက်ဆီးပြီးခဲတူးနေ
ထားဝယ် အရှေ့တောဒေသက ကျေးရွာချင်းဆက်လမ်းကို ဖျက်ဆီးပြီးခဲတူးနေ
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ မြေးခံဘော်ကျေးရွာအုပ်စုက ညောင်တုန်း-အထက်မြေးခံဘော်လမ်းကိုဖျက်ဆီးပြီးသတ္တုတူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလမ်းဟာ ညောင်တုန်းကျေးရွာကနေ အထက်မြေးခံဘော်ရွာဘက်ကိုဖောက်လုပ်ထားတဲ့ မြေသားလမ်းဖြစ်ပြီး လမ်းတစ်လျှောက်က ပေထောင်နဲ့ချီကို ခဲတူးဖို့အတွက် မြေနေရာသတ်မှတ်ကာ ဘက်ဖိုးတွေနဲ့ တူးနေတယ်လို့ ဆိုပါတယ်။
“နေ့ရောညရော ဘက်ဖိုးနှစ်စီးနဲ့တူးနေတယ်။ မြေနီလမ်းဆိုပေမဲ့ လမ်းက မာမှမာ၊ ကောင်းမှကောင်း။ တစ်ရွာလုံးလည်း ဒီလမ်းပဲသုံးနေတာကို ဂရုမစိုက်ဘဲလုပ်တာ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီလမ်းဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ အစိုးရဘတ်ဂျက်နဲ့ ပြန်လည်ပြုပြင်ဖောက်လုပ်ထားတဲ့ လမ်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လမ်းကို စတင်တူးဖော်နေပြီဖြစ်တာကြောင့် မော်တော်ယာဥ်တွေ သွားလာလို့ မရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အခုလိုလမ်းကိုဖြိုပြီး ခဲသတ္တုတူးဖော်တာဟာ KNU တပ်မဟာ ၄ ရဲ့ခွင့်ပြုချက်နဲ့ ဦးဖိုးတုတ်ဆိုတဲ့လုပ်ငန်းရှင်က လုပ်ဆောင်နေတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
လမ်းကိုဖြိုချပြီး ခဲသတ္တုတူးဖော်တာကို အထက်မြေးခံဘော်ရွာခံတွေက လက်မခံတာကြောင့် အခုလ ၄ ရက်နေ့က အစည်းအဝေးခေါ်ယူပြီး လက်မခံကြောင်းပြောခဲ့ပေမဲ့ ကန့်ကွက်မှုမအောင်မြင်ခဲ့ဘူးလို့လည်း သိရပါတယ်။
အဲဒီအစည်းအဝေးကို KNU တပ်မဟာ ၄ က KNLA တပ်ဖွဲ့ဝင်တချို့နဲ့ အရာရှိတချို့ တက်ရောက်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ရွာသားတွေကတော့ ဘယ်သူကမှ ကိုယ့်လမ်းကိုဖျက်ဆီးနေတာမကြိုက်ဘူး။ ဒါပေမဲ့ ဘယ်သူမှလည်း အတိုက်အခံမလုပ်ရဲဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းရာမှာတော့ မြေပြင်ကိုမေးကြည့်မယ့်အကြောင်း ပြန်လည်ဖြေဆိုပါတယ်။
ဒေသခံတွေဟာ အဲဒီလမ်းကိုပဲ အဓိကအသုံးပြုသွားလာနေရတာကြောင့် လက်ရှိမှာ သတ္တုမိုင်းတူးတဲ့သူတွေအသုံးပြုတဲ့ လမ်းကနေ ခက်ခက်ခဲခဲသွားလာနေရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေတွေ အပါအဝင် တနင်္သာရီတိုင်းထဲက ရေဖြူ၊ ထားဝယ်၊ ပုလော၊ တနင်္သာရီ၊ ကျွန်းစုနဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ ခဲသတ္တုလုပ်ကွက်တွေ သိသိသာသာများပြားလာတာကြောင့် ရေချိုချောင်းတွေ၊ ဥယျာဥ်ခြံတွေအပြင် လမ်းနဲ့ တံတားပျက်စီးတာတွေကို ဒေသခံတွေရင်ဆိုင်နေရပါတယ်။
သယံဇာတအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း စစ်အာဏာသိမ်းပြီးနောက် နေ့ရောညပါ စက်ယန္တရားကြီးတွေနဲ့ သတ္တုတူးဖော်မှု ပိုမိုလုပ်ဆောင်လာတာကြောင့် တနင်္သာရီတိုင်းမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုထားပါတယ်။


The Tanintharyi Times
