အာဏာရှင်တွေ ရင်ဆိုင်ခဲ့ရတဲ့ ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်တွေ
အာဏာရှင်တွေ ရင်ဆိုင်ခဲ့ရတဲ့ ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်တွေ
ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်(နိုင်ငံတာ်သဃ့ာမဟာနာယက(ငြိမ်း)) ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာကို အကြောင်းပြုပြီး နိုင်ငံတဝှမ်းအရှိ သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်ကို လုပ်ဆောင်နေကြပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဟာမန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်း တနေရာမှာ ပြီးခဲ့တဲ့လ ၁၉ ရက်က ပစ်ခတ်ခံရပြီး နေရာမှာတင် ပျံလွန်တော်မူခဲ့တာပါ။
အစကနဦးပိုင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ဆရာတော်ဟာ ပျံလွန်တော်မူခဲ့တယ်လို့ စစ်တပ်က လုပ်ကြံသတင်းထုတ်လွှင့်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့ရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။
အဲ့ဒီနောက် ဆရာတော်ပစ်ခတ်ခံရလို့ ပျံလွန်တော်မူပြီး လေးရက်အကြာ (ဇွန်လ ၂၃ ရက်) မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အတွင်းရှိ သံဃာတွေက စတင်ပြီး “ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်” ကို စတင်ခဲ့ရာမှာ အခုလ ၅ ရက်အထိ နိုင်ငံအနှံ့က မြို့နယ်ပေါင်း ၂၀ ကျော်ထိ ရှိလာခဲ့ပါပြီ။
“ပတ္တနိက္ကုဇ္ဇကံဆောင်” တယ်ဆိုတာ ဘာပါလဲ။
ဗုဒ္ဓသာသနာနဲ့ သံဃာကို ဖျက်ဆီးလိုသူတို့ရဲ့ အန္တရာယ်ကနေ ကာကွယ်ခွင့်ပေးတဲ့အခွင့်အရေးကို ပတ္တနိက္ကုဇ္ဇကံဆောင်တယ်လို့ ခေါ်ပါတယ်။
ဗုဒ္ဓ လက်ထက်ကတည်းက ဒီကံဆောင်ခွင့် အခွင့်အရေးကို ခွင့်ပြုခဲ့တာပါ။ ကံဆောင်ခံ ပုဂ္ဂိုလ်တဦးဦး ဒါမှမဟုတ် အဖွဲ့စည်းတခုခုကို သံဃာထုကနေ အဆက်အဆံမပြုဖို့ တညီတညွှတ်ထဲ ဆုံးဖြတ်ချက်ချတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကံဆောင်ခံ ပုဂ္ဂိုလ်တဦးဦး ဒါမှမဟုတ် အဖွဲ့စည်းတခုခုကို သံဃာတွေက သပိတ်မှောက် ဆန့်ကျင်တာ ဖြစ်ပါတယ်။
ပတ္တနိက္ကုဇ္ဇကံဆောင်မယ်ဆိုရင် အကြောင်းအရင်းရှိရပါမယ်။ ကံဆောင်နိုင်တဲ့အကြောင်းအရင်းက ၈ မျိုး ရှိပါတယ်။
ကံဆောင်နိုင်တဲ့အကြောင်းအရင်း ၈ မျိုးကတော့
၁)ရဟန်းတို့ကို လာဘ်လာဘ မရအောင် ပြုလုပ်တာ
၂)ရဟန်းတို့ကို အကျိုးမဲ့ဖြစ်အောင်လုပ်တာ
၃) ရဟန်းတို့ကို နေထိုင်မြဲ ကျောင်းကန်တွေမှာ မနေနိုင်အောင်ပြုလုပ်တာ
၄)ရဟန်းတို့ကို ဆဲရေးတိုင်းထွာတာ
၅)ရဟန်းအချင်းချင်း ဂိုဏ်ကွဲအောင်ပြုလုပ်တာ
၆)ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို စော်ကားပြောဆိုတာ
၇) ဗုဒ္ဓရဲ့ တရားဂုဏ်တော်တွေကို စော်ကားပြောဆိုတာ
၈) သံဃာရဲ့ဂုဏ်တော်တွေကို စော်ကားပြောဆိုတာ တို့ပဲ ဖြစ်ပါတယ်။
အဲ့ဒီ ၈ မျိုးထဲကမှ တမျိုးမျိုးနဲ့ တိုက်ဆိုင်ပြည့်စုံရင် ဒါမှမဟုတ် တမျိုးထက်ပိုပြီးပြည့်စုံခဲ့ရင် အနည်းဆုံး ရဟန်း လေးပါးက ညီညွှတ်စွာ ဆုံးဖြတ်ချက်ချပြီး စတင် ကံဆောင်နိုင်ပါတယ်။ စတင်ကံဆောင်တဲ့ ရဟန်းတို့ရဲ့ လုပ်ရပ်တွေဟာ သင့်တော် လျှော်ကန်မှု မရှိရင် အခြားရဟန်းတွေက ကံဆောင်တာကို ကန့်ကွက်လို့ ရပါတယ်။
ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာကို အကြောင်းပြုပြီး နိုင်ငံတဝှမ်းအရှိ သံဃာတော်တွေဟာ ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်ကို ကန့်ကွက်တဲ့ ရဟန်းတပါးမျှ အခုချိန်ထိ မရှိသေးပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်တပ်ရဲ ကျူးလွန်တဲ့အပြစ်ဟာ ထင်ရှားပြီး ပတ္တနိက္ကုဇ္ဇကံဆောင်တာဟာ သင့်တော်မှန်ကန်တယ်လို့ ဆိုရမှာပါ။
ပတ္တနိက္ကုဇ္ဇကံစတင်ဆောင်တဲ့ အခါ ကံဆောင်ခြင်းမှာပါဝင်တဲ့ ရဟန်းတွေဟာ ကံဆောင်ကမ္မဝါကို စတင်ရွတ်ဆိုရပါတယ်။ ရွတ်ဆိုရာမှာလည်း စကားပြေရွတ်သလို အသံကို တပြေးတည်းမရွတ်ရဘဲ အခြားကမ္မဝါတွေ ရွတ်ဆိုသလို အသံကို ဌာန်ကရိုဏ်း ကျနစွာ အနိမ့်အမြင့်နဲ့ ရွတ်ဆိုရပါတယ်။
ပတ္တနိက္ကုဇ္ဇကံဆောင်ကမ္မဝါရဲ့ အနှစ်ချုပ် အဓိပ္ပါယ်ကတော့-
သံဃာတော်အရှင်မြတ်တို့ နားဆင်တော်မူကြပါဘုရား…။ ရုပ်ရင်းကြမ်းတမ်း၊ ယုတ်မာကောက်ကျစ်၊ သနားကြင်နာမှုမဲ့၊ ညင်းဆဲသတ်ဖြတ်ပြီး မတရားပြုတဲ့ (ပြုသူပုဂ္ဂိုလ်(သို့)အဖွဲ့အစည်းအမည်ထည့်ရန်) တွေက သံဃာတွေကို အခြေမြစ်မရှိတဲ့ အကြောင်းပြ စွတ်စွဲချက်တွေနဲ့ ရိုက်ပုတ် နှိပ်စက်နေပါပြီ၊ ဖမ်းဆီး ချုပ်နှောင်နေပါပြီ၊ အသက်ကိုပင် အန္တရာယ်ပြုနေပါပြီ ဘုရား…။
ဘုရားတပည့်တော်တွေ အနေနဲ့ ဒီရုပ်ရင်းကြမ်းတမ်း၊ ယုတ်မာကောက်ကျစ်၊ သနားကြင်နာမှုမဲ့၊ ညင်းဆဲသတ်ဖြတ်သော (ပြုသူပုဂ္ဂိုလ်(သို့)အဖွဲ့အစည်းအမည်ထည့်ရန်) သူတွေကို ဘာသာရေးအရ ဆက်ဆံမှုတွေ မလုပ်ဘဲ သပိတ်မှောက်ကံဆောင်ကြောင်း အသိပေးလျှောက်ထားပါတယ်ဘုရား…။
ဒီသပိတ်မှောက်ကံဆောင်မှုနဲ့ ပတ်သက်ပြီး ပြောဆိုစရာရှိပါက ပြောနိုင်ပြီး မပြောဆိုပဲ ဆိတ်ဆိတ်ငြိမ်နေတော်မူကြရင် ဘုရားတပည့်တော်တို့ သဘောတူတယ်လို့ သတ်မှတ်ပါတယ် ဘုရား…လို့ ပါဠိလို့ ရွတ်ဆိုကြတာ ဖြစ်ပါတယ်။
၁၉၈၈ ခုမှ။ ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကနေ ကနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်အရေအတွက်သုံးကြိမ် ရှိခဲ့ပါတယ်။
၁၉၉၀ ခု တုန်းက တကြိမ်၊ ၂၀၀၇ ခုတုန်းက တကြိမ်နဲ့ အခု ၂၀၂၄ ခု မှာ တကြိမ်တို့ ဖြစ်ပါတယ်။
သုံးကြိမ်စလုံးမှာ ကံဆောင်သပိတ်မှောက်ခံရတဲ့ အဖွဲ့စည်းကတော့ တခုတည်း ဖြစ်ပါတယ်။ နိုင်ငံ့အာဏာကို မတရားသိမ်းယူခဲ့တဲ့ စစ်တပ်ပဲ ဖြစ်ပါတယ်။
၁၉၉၀ ခု ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ် ကိုမန္တလေးမြို့က စတင်ခဲ့တာပါ။ ရှစ်လေးလုံးနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ ၃၃ လမ်းနဲ့ ၈၄ လမ်းထောင့်မှာ မန္တလေး လေးပြင်လေးရပ်ကသံဃာတော်တွေကို ဆွမ်းလောင်းလှူပွဲ လုပ်တာကို စစ်တပ်က ဝင်ဖမ်းရင်း ရုန်းရင်ဆန်ခတ် ဖြစ်ရာက စတင်ခဲ့တာပါ။
အစပထမမှာ စစ်တပ်ရဲ့ထုံးစံအတိုင်း သေနတ်ဝင်လုလို့ ပစ်ရပါတယ်လို့ ဗြောင်ကျကျ လိမ်ခဲ့ပါတယ်။ အမှန်တော့ အဖမ်းခံရတဲ့ ကျောင်းသားတဦးကို ရဟန်းတပါးက ပြန်လုတာပါ။ သေနတ်မဟုတ်ပါဘူး။ အဲ့ဒီကနေ စတင်တဲ့ သပိတ်ဟာ သံဃာတော်များတဲ့ ရန်ကုန်၊ ပခုက္ကူ၊ ပဲခူး၊ မော်လမြိုင် စတဲ့ မြို့တွေထိ ပျံ့နှံ့သွားခဲ့တာပါ။
၁၉၉၀ ခု ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်မှာ နိုင်ငံအနှံ့က ထေကြီးဝါကြီးဆရာတော်တွေအပါအဝင် သံဃာအများအပြား မတရားဖမ်းဆီးခံခဲ့ရပြီး အချို့ဆို စစ်ခုံရုံးနဲ့ စီရင်ကာ သံဃာတွေကို လူဝတ်လဲစေပြီး နှစ်ရှည်လများ ထောင်သွင်းအကျဉ်းချခဲ့တာ၊ ရဲဘက်ပို့တာတွေ လုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ် အတွက် သံဃာတွေကို အခုချိန်ထိ မတောင်းပန်ခဲ့သလို သံဃာတွေကလည်း အဲ့ဒီ ၁၉၉၀ ခု ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်ကို ကနေ့အချိန်ထိ သပိတ်ပြန်မလှန်ကြသေးပါဘူး။
၂၀၀၇ ခု ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်ကတော့ လောင်စာဆီ ထောက်ပံ့မှုကို စစ်အစိုးရက ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပြည်သူတွေ အထွေထွေအကျပ်အတည်းတွေ ဖြစ်ပေါ်လာရာကနေ စတင်ခဲ့ပါတယ်။ သမိုင်းမှာ ရွှေဝါရောင်တော်လှန်ရေးလို့ အမည်တွင်ပါတယ်။
သံဃာတွေက ဦးဆောင်ပြီး လမ်းပေါ်ထွက်ကာ အကြမ်းမဖတ်ဘဲ မေတ္တာသုတ်ရွတ်ဆို သပိတ်မှောက်ကြလို့ ရွှေဝါရောင်တော်လှန်ရေးလို့ ခေါ်တာပါ။ ရန်ကုန်မြို့က စတင်ခဲ့ပြီး တနိုင်ငံလုံး ပျံ့နှံ့ အားကောင်းခဲ့ပါတယ်။
စစ်တပ်ရဲ့ထုံးစံအတိုင်း သံဃာတွေနဲ့ အများပြည်သူကို ရက်ရက်စက်စက် ဖြိုခွဲဖမ်းဆီးတာ သတ်ဖြတ်တာတွေနဲ့ သပိတ်ကို ကြမ်းတမ်းစွာ တုန့်ပြန်ခဲ့ကြပါတယ်။
သံဃာတော်တွေနဲ့ အရပ်သားပြည်သူ တစ်ရာကျော် သေဆုံးခဲ့ပြီး ရာပေါင်းများစွာသော ပြည်သူတွေနဲ့သံဃာတွေ အဖမ်းခံခဲ့ကြရတယ်လို့ ပြည်တွင်းပြည်ပသတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ထင်ရှားတဲ့ ဖြစ်ရပ်တခုကတော့ စစ်တပ်ဟာ ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်ကို လမ်းပေါ်မှာ ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။
၂၀၀၇ ခု ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်မှာလည်း ကျူးလွန်ခဲ့တဲ့ ကံဆောင်ခံစစ်တပ်ဟာ ကျူးလွန်သမျှကို ကနေ့အချိန်ထိ မတောင်းပန်ခဲ့သလို သံဃာတွေကလည်း အဲ့ဒီ ၂၀၀၇ ခု ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်ကို ကနေ့အချိန်ထိ သပိတ်ပြန်မလှန်ကြသေးပါဘူး။
အခု ၂၀၂၄ ခု ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်ဟာလည်း ရက်ပိုင်းအတွင်း မြို့နယ်အနှံ့ အားကောင်းစွာ ပျံ့နှံ့နေပါပြီ။ အခု သပိတ်ဟာ တခြား ၁၉၉၀ ခု၊ ၂၀၀၇ ခုတို့နဲ့မတူတာကတော့ သပိတ်စတင်ပြီး နောက်ရက်မှာပဲ ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရမှုအတွက် စစ်အာဏာသိမ်းခေါင်းဆောင်ဟာ သက်ဆိုင်ရာသံဃာတွေထံ တောင်းပန်ကြောင်း စာပေးပို့ခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံအနှံ့ရှိ သံဃာတွေဟာ ပတ္တနိက္ကုဇ္ဇကံဆောင်သပိတ်ကို ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဘယ်လောက်ထိ ဆက်လက်အားကောင်းလာမလဲ၊ ကံဆောင်ခံ စစ်တပ်ကရော ဘယ်လိုတုန့်ပြန်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
The Tanintharyi Times