မတ္တရာနဲ့ စဉ့်ကူးမြို့ က ပျူစောထီးတွေ လက်နက်ချပြီးပြည်သူ့ရင်ခွင်ခိုလှုံဖို့ မန္တလေး PDF တိုက်တွန်း

မတ္တရာနဲ့ စဉ့်ကူးမြို့ က ပျူစောထီးတွေ လက်နက်ချပြီးပြည်သူ့ရင်ခွင်ခိုလှုံဖို့ မန္တလေး PDF တိုက်တွန်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေ အနေနဲ့ လက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ တိုက်တွန်းတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ပါတယ်။

လက်နက်ချသူတွေကို မန္တလေး PDF အနေနဲ့ နွေးထွေးစွာ ကြိုဆိုသွားမှာ ဖြစ်ပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပျူစောထီးတွေအနေနဲ့ ဒီတိုက်တွန်းချက်ကို လက်မခံဘဲ စစ်ကောင်စီနဲ့ ဆက်ပြီး ပူးပေါင်းနေမယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တန်းတူသတ်မှတ်ရမှာ ဖြစ်ပြီး ပြတ်ပြတ်သားသားချေမှုန်းသွားရမှာ ဖြစ်တယ်လို့လည်း မန္တတလေး PDF ဘက်က ပြောဆိုထားပါတယ်။

ပျူစောထီးတွေအနေနဲ့ လွဲမှားသော ယုံကြည်ချက်ကြောင့် ဖြစ်စေ၊ အဓမ္မတိုက်တွန်းစေခိုင်းခံရမှုကြောင့် ဖြစ်စေ၊ ပြည်သူ့အပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ရပ်တန့်ပြီး ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံဖို့ အကောင်းဆုံးနဲ့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

မန္တလေး PDF တပ်ဖွဲ့ဟာ လက်ရှိမှာ တအာင်းတပ်မတော်က ဦးဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) နဲ့အတူ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကူး စတဲ့ စစ်မျက်နှာတို့မှာ တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ (၁၀၁၄) လေကြောင်းကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိထားပါတယ်။

မတ္တရာ စစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ချအညံ့ချသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄ ဦး ရှိခဲ့သလို တပ်မိသားစုဝင်တွေ ဖြစ်တဲ့ အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို စုစုပေါင်း ၁၁၇ ဦးတို့ကိုလည်း ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဆိုပါ မတ္တရာရှိ တပ်စခန်းတွေကို သိမ်းပိုက်ရရှိရာမှာ စစ်လက်နက်ပေါင်းစုံ ၁၂၅ လက်နဲ့ ဆက်စက်လက်နက်ခဲယမ်းတွေလည်း မန္တလေး PDF တပ်ဖွဲ့က ရရှိခဲ့ပါတယ်။

အလားတူပင် စဉ့်ကူးမြို့နယ် စစ်ဆင်ရေးမှာလည်း ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်စခန်း၊ ရွာတော်လေး တပ်စခန်းနဲ့ နွယ်ရုံရဲစခန်း စတဲ့ တပ်စခန်း ၆ ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားကြောင်း ဇူလိုင် ၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ခဲ့ပါတယ်။

စဉ့်ကူးမြို့နယ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်မျိုးစုံ ၄၀ ကျော်နဲ့ ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မတ္တရာနဲ့ စဉ့်ကူးမြို့တို့ကို အပြည့်အဝထိန်းချုပ်နိုင်ရေး သတ်မှတ်ထားတဲ့ စစ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ပြီး တဆင့်ပြီးတဆင့် စနစ်တကျ ဖော်ဆောင်သွားဖို့ ရှိတယ်လို့ PDF-MDY ဘက်က ပြောဆိုထားပါတယ်။

The Tanintharyi Times