KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ အရပ်သား ၆ဦး ထိခိုက်ဒဏ်ရာရ
KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ အရပ်သား ၆ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ် မြိုနယ်၊ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်နဲ့ မူး (မုန်း)မြို့နယ်တွေက ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ထံက သိရှိရပါတယ်။
ကော့ကရိတ် မြိုနယ်က အစွန်းကျေးရွာကို မနေ့က ( မတ်လ ၅ ရက်) မနက် ၁နာရီခွဲအချိန်ခန့်က စစ်တပ်မှ Jet Fighter တစ်စီးနဲ့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဗုံးကြဲ ပစ်ခတ်ခဲ့တာကြောင့် အစွန်းကျေးရွာအတွင်းက နေအိမ် ၃လုံးပျက်စီးပြီး အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို ဆိုပါတယ်။
အလားတူဘဲ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ မွန်းလွဲ၁နာရီ အချိန်ခန့်ကလည်း ကော့ကရိတ်မြိုနယ်၊ ဘော့ဒိုင်း ကျေးရွာကို ဗုံးကြဲပစ်ခတ်ခဲ့လို ကျေးရွာစာသင်ကျောင်း ၁ကျောင်း အပါအဝင် ရေတွင်း၊ ရေကန် နဲ့ ဆိုင်ကယ် ၁ စီး ထိမှန် ပျက်စီးခဲ့ပြီး အရပ်သား ၂ဦး ဒါဏ်ရာ ရရှိခဲ့တယ်လို ဆိုပါတယ်။

ထပ်မံပြီး ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်နဲ့ မူး (မုန်း)မြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ဆိုပါတယ်။
KNU ထိန်းချုပ်ရာ လယ်ဒိုမြို့နယ်က အင်းနက်ကျေးရွာအတွင်းကို စစ်တပ်က မတ်လ ၁ရက်နေ့က လေကြောင်းကနေ ဒရုန်းနဲ့ ၁၂၀မမ ဗုံးသီး ၃လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခိုက်မှုကြောင့် အသက်၇နှစ်အရွယ် ကလေးငယ် ၁ဦးနဲ့ ၇၃နှစ်အရွယ် အမျိုးသား ၁ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းမွေးမြူထားတဲ့ နွား ၃ကောင် သေဆုံးကာ နေအိမ် ၁လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူဘဲ မူး(မုန်း)မြို့နယ် အတွင်းက ဟော်ခိုဝေါ်(ငထွေစုပ်) ကျေးရွာအတွင်းကို ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ ည၈နာရီဝန်းကျင်ခန့်က စစ်ကောင်စီ တောင်ငူလေတပ်စခန်းက ဂျက်ဖိုက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ဗုံး ၂လုံး ကြဲခဲ့လို့ ဆိုင်ကယ်၁စီး၊ ဓါတ်ဆီပေပါ ၂လုံး၊ ရေနံဆီပေပါ ၃လုံး ထိမှန် မီးလောင်ခဲ့သလို ဆားအိတ်တွေနဲ့ ထွန်စက် ၁စီးလည်း ပျက်စီးသွားတယ်လို့ KNUဆိုပါတယ်။
စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားနေထိုင်ရာ နေရာတွေကိုပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်လံဗုံးကြဲပစ်ခတ်နေတယ်လို ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times