ပုလောမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ပုလောမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ပုံစာ - အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဆီက သိမ်းမိခဲ့တဲ့ လက်နက်။

ပုလောမြို့ပေါ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့သက်တော်စောင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ ရက်နေ့က အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ အထိုင်ချထားတဲ့ ကျောက်စုဂိတ်ကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပစ်သတ်ခံရသူဟာ ပုလောမြို့၊ အမှတ် ၄ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးစိုးဝေနဲ့ သူရဲ့သက်တော်စောင့် ပြည်သူ့စစ်အဖွဲ့ဝင်တို့ ဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ဆီက သိရပါတယ်။

“အဲဒီဂိတ်က ခလရ ၂၈၅ တပ်ရင်း နားမှာရှိတယ်။ သူတို့ဘက်က ပြန်လည် ပစ်ခတ်နိုင်တာမျိုး မရှိပါဘူး” လို့ မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သူတို့ဆီက AK47 သေနတ် ၁ လက် ၊ ကျည်ဘောက် ၁ ခု၊ ၇.၆၂ ကျည် ၇ တောင့်၊ ပစ္စတို ၁ သေနတ်အတု တစ်လက်၊ ကလေးကစားစရာ လက်ပစ်ဗုံး ၂ လုံးတို့ကိုသိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းမိတဲ့ထဲက ပစ္စတိုသေနတ်နဲ့ လက်ပစ်ဗုံးအတုတွေဟာ အုပ်ချုပ်ရေးမှူး ဦးစိုးဝေဟာ ကိုင်ဆောင်တာဖြစ်ပြီး အဲဒီပစ္စည်းတွေနဲ့ ‌ဒေသခံတွေကို ခြိမ်းခြောက်နေသူဖြစ်တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးစိုးဝေဟာ ငွေညှစ်ခြိမ်းခြောက်တာ၊ စစ်မှုထမ်းအတင်းအကြပ် စုဆောင်းတာနဲ့ အနိုင်ကျင့်တာတွေ လုပ်ဆောင်နေပါသဖြင့် မပြုလုပ်ဖို့ အကြိမ်ကြိမ် သတိပေးပေမဲ့ မလိုက်နာတာကြောင့် အခုလိုပစ်ခတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီပစ်ခတ်မှုကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်း မဟာမိတ်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

The Tanintharyi Times