VPN အကြောင်း သိထားသင့်တာတွေ
VPN အကြောင်း သိထားသင့်တာတွေ
အင်တာနက် အသုံးပြုသူတွေဟာ မိုဘိုင်းအင်တာနက်ကဖြစ်စေ ဝိုင်ဖိုင်က ဖြစ်စေ အင်တာနက်ကို ချိတ်ဆက်အသုံးပြုကြပါတယ်။ ဒီလို ချိတ်ဆက်တဲ့ မိုဘိုင်းအင်တာနက် ကွန်ရက်တွေ ဝိုင်ဖိုင်တွေဟာ လူတိုင်းချိတ်ဆက်သုံးစွဲနေတဲ့ Public ကွန်ရက်တွေဖြစ်ပါတယ်။ အင်တာနက် ဝန်ဆောင်မှုပေးသူ (Internet Service Provider) တွေဟာ အစိုးရတစ်ရပ်ရဲ့ ညွှန်ကြားချက်အရ Facebook လိုမျိုး လူအများသုံးတဲ့ ပလက်ဖောင်းတွေကို ပိတ်ထားလို့ရပါတယ်၊ ဥပမာ တရုတ်မှာ Facebook ကို ပိတ်ထားသလို မြန်မာမှာလည်း စစ်အစိုးရက Facebook ကို ပိတ်ထားသလိုမျိုးပေါ့။
ဒီလို Public ကွန်ယက်တွေမှာ ချိတ်ဆက်သုံးစွဲနေသူတွေရဲ့ အချက်အလက်တွေ ဥပမာ ဘယ် Website တွေကို ဘယ် နေရာကနေ ကြည့်နေတယ် ဆိုတာမျိုး အကုန်စောင့်ကြည့်လို့ ရပါတယ်။ လူအများသုံးတဲ့ ဝိုင်ဖိုင်တွေ ဥပမာ လေဆိပ်တို့ ကော်ဖီဆိုင်တို့မှာ ချိတ်ဆက်သုံးတဲ့ ဝိုင်ဖိုင်တွေလို ကွန်ရက်တွေဟာ လုံခြုံမှုမရှိပါဘူး ၊ ဒီကွန်ယက်တွေကို ချိတ်ပြီး အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေ ဥပမာ အွန်လိုင်းဈေးဝယ်တာမျိုးတွေ ဘဏ်နဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်မှု လုပ်တာတွေမျိုးက အလွန်အန္တရာယ်များပါတယ်။ နှစ်ကိုယ်ကြားတီးတိုးပြောရမယ် အရာတွေကို လူကြားထဲ အော်ပြောနေသလိုပါပဲ ။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအတွင်းရေး အချက်အလက်တွေကို ဘယ်သူမဆို ကြားဖြတ်ရယူနိုင်ပါတယ်။
ကိုယ်ရဲ့ အင်တာနက်ပေါ်လုပ်ဆောင်မှုတွေ ဥပမာ ဘယ် Website ကို ဘယ်နေရာ ဘယ် IP ကနေ ကြည့်နေတယ်ဆိုတာကို ကြားဖြတ်ရယူတာတွေ ကာကွယ်ဖို့ Virtual Private Network (VPN) တွေကို သုံးကြပါတယ်။ Public ကွန်ရက်ပေါ်မှာပဲ လုံခြုံစိတ်ချရတဲ့ Private ကွန်ရက်တစ်ခုကို ဖန်တီးတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက အင်တာနက်လို လုံခြုံမှုနည်းတဲ့ ကွန်ရက်တစ်ခုပေါ်မှာ လုံခြုံပြီး (Encripted)ကုဒ်ဝှက်ထားတဲ့ ချိတ်ဆက်မှုကို ဖန်တီးတာဖြစ်ပါတယ်။ “ဥမင်လိုဏ်ခေါင်း” (tunnel) လို့ မကြာခဏရည်ညွှန်းလေ့ရှိတဲ့ ဒီလုံခြုံတဲ့ချိတ်ဆက်မှုက ကိုယ်အသုံးပြုတဲ့ ဖုန်း ကွန်ပျူတာလိုမျိုး စက်နဲ့ VPN ဆာဗာကြား ပေးပို့တဲ့ ဒေတာတွေကို သီးသန့်ထားရှိကာ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုတာတွေကနေ ကာကွယ်ထားပါတယ်။
ဒါဆို VPN ဘယ်လို အလုပ်လုပ်သလဲ အတိုချုပ်လေး ရှင်းပြချင်ပါတယ်။
VPN ချိတ်ဆက်ခြင်း
VPN အသုံးပြုတဲ့သူက 5BB, MYTEL စတဲ့အင်တာနက်ဝန်ဆောင်မှုပေးတဲ့ Internet Service Provider (ISP) ကနေတဆင့် အင်တာနက်ကို စချိတ်ပါတယ်၊ နောက် ပိုက်ဆံပေးပြီး သုံးရတဲ့ Nord, Express သို့မဟုတ် Free သုံးလို့ရတဲ့ 1111, Psiphon ကဲ့သို့သော ကိုယ်အသုံးပြုတဲ့ VPN Software အမျိုးအစားကို သုံးပြီး VPN ချိတ်ဆက်မှုကို စတင်ပါတယ်။
လုံခြုံတဲ့ ဥမင်လိုဏ်ခေါင်း ဖန်တီးခြင်း
ဒီလို ချိတ်ဆက်တယ်ဆိုတဲ့ သဘောက သုံးစွဲသူရဲ့ စက်နဲ့ VPN server အကြား tunnel (ဥမင်လှိုက်ခေါင်းတစ်ခု) ကို ဖန်တီးလိုက်ပါတယ်။ အသုံးပြုသူ၏စက်ပစ္စည်းပေါ်ရှိ VPN client (ဥပမာ Nord VPN) က သုံးစွဲသူရဲ့ စက်နဲ့ VPN ဆာဗာကြား ဒေတာအချက်အလက်တွေကို ကုဒ်နဲ့ ဝှက်လိုက်ပါတယ်။ ဒီကုဒ်ဝှက်ထားတဲ့ ဒေတာကို ISP မှတဆင့် VPN ဆာဗာကို ပေးပို့တယ်။ VPN ဆာဗာက ကုဒ်ဝှက်ထားတဲ့ ဒေတာတွေကို လက်ခံရရှိမယ် ။ နောက် ဆာဗာက ဒီဒေတာတွေကို ကုဒ်ဝှက်ပြီးပဲ အင်တာနက်ပေါ်မှာ ရှိတဲ့ Website, အွန်လိုင်းဝန်ဆောင်မှု စတဲ့ အသုံးပြုသူသွားချင်တဲ့ နေရာကို ပို့ပေးလိုက်ပါတယ်။ ဒီ Website တွေကလည်း သုံးစွဲသူဆီက ဒေတာကို လက်ခံပြီး ပြန်လည် တုန့်ပြန်ပါတယ်။ ဒီတုန့်ပြန်ချက်တွေကို VPN ဆာဗာတွေကပဲ ကုဒ်ဝှက်ပြီး အသုံးပြုသူရဲ့ စက်ဆီကို ပြန်ပို့ပေးပါတယ်။ အသုံးပြုသူရဲ့ စက်ပေါ်ရှိတဲ့ VPN Client က ဝှက်ထားတဲ့ ကုဒ်ကို ပြန်ဖြေပြီး (Decrypted) သုံးစွဲသူက ဒေတာအချက်အလက်ကို ကြည့်ရှုနိုင်ပါတယ်။ VPN တစ်ခု အလုပ်လုပ်ပုံကို ရိုးရိုးလေး ဥပမာပြရရင်
[အသုံးပြုသူရဲ့ စက် (ဖုန်း သို့မဟုတ် ကွန်ပျူတာ)] -> [VPN Client (ဥပမာ Express VPN] -> [ကုဒ်ဝှက်ထားသော ဥမင်လိုဏ်ခေါင်း] -> [ISP] -> [VPN ဆာဗာ] -> [အင်တာနက်]
၁။ အသုံးပြုသူက ISP မှတစ်ဆင့် အင်တာနက်ကို ချိတ်ဆက်တယ်။
၂။ နောက် VPN ကို သုံးပြီး VPN ချိတ်ဆက်မှုကို စတင်တယ်။
၃။ VPN က ဒေတာကို ကုဒ်ဝှက်ပြီး ISP ကနေ တဆင့် ပေးပို့တယ်။
၄။ ကုဒ်ဝှက်ထားတဲ့ ဒေတာက ဥမင်လိုဏ်ခေါင်းမှတဆင့် VPN ဆာဗာသို့ သွားတယ်။
5. VPN ဆာဗာက ဒေတာကို ကုဒ်ဝှက်ပြီး အင်တာနက်ပေါ် သွားချင်တဲ့ နေရာကို ပေးပို့တယ် ။
6. အဲဒီနေရာက တုံ့ပြန်မှုကို VPN ဆာဗာသို့ ပြန်လည်ပေးပို့တယ် ။
7. VPN ဆာဗာက ဒေတာကို စာဝှက်ပြီး အသုံးပြုသူထံ ကုဒ်ဝှက်ထားသော ဥမင်လိုဏ်ခေါင်းမှတဆင့် ပြန်ပေးပို့တယ်။
8. အသုံးပြုသူရဲ့ စက်မှာ ကြည့်လို့ရအောင် VPN က ဝှက်စာကို ပြန်ဖော်ပေးတယ်။
စကားလုံးအသုံးအနှုန်းတွေ
VPN Client – VPN ချိတ်ဆက်မှုကို အစပြု စီမံခန့်ခွဲတဲ့ အသုံးပြုသူရဲ့ စက်ပစ္စည်းပေါ်ရှိ ဆော့ဖ်ဝဲ၊ ဥပမာ Express VPN, Nord VPN, 1111 VPN
ကုဒ်ဝှက်ထားသော ဥမင်လိုဏ်ခေါင်း- အသုံးပြုသူရဲ့ စက်ပစ္စည်းနဲ့ VPN ဆာဗာအကြား ဒေတာတွေ ဖြတ်သွားတဲ့ လုံခြုံပြီး ကုဒ်ဝှက်ထားသော လမ်းကြောင်းတစ်ခု၊ ဒီလမ်းကြောင်းက အစိုးရ၊ ဟက်ကာများနဲ့ အခြားသော ကြားဖြတ်ဝင်ရောက်ခြင်း ကာကွယ်ပေးတယ်။
ISP (အင်တာနက်ဝန်ဆောင်မှုပေးသူ)- သုံးစွဲသူအား အင်တာနက်အသုံးပြုခွင့်ပေးတဲ့ ကုမ္ပဏီ။
VPN ဆာဗာ- အသုံးပြုသူရဲ့ စက်ပစ္စည်းကနေ ဝင်လာတဲ့ ဒေတာတွေကို ကုဒ်ဝှက်ပြီး အင်တာနက်ပေါ် ရည်ရွယ်ထားတဲ့နေရာသို့ ပေးပို့တဲ့ VPN ဝန်ဆောင်မှုပေးသူက လုပ်ဆောင်သည့် ဆာဗာ။
VPN ကိုအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေ
– ကိုယ်ရေးကိုယ်တာနဲ့ အမည်ဝှက်ခြင်း
VPN တွေဟာ သုံးစွဲသူရဲ့ IP လိပ်စာကို ဖုံးကွယ်ပေးထားပြီး ၎င်းတို့၏ အွန်လိုင်းလုပ်ဆောင်ချက်တွေကို ခြေရာခံရန် ခက်ခဲစေပါတယ်။
– လုံခြုံရေး
VPN တွေဟာ သုံးစွဲသူရဲ့ ဒေတာတွေကို ကုဒ်ဝှက်ထားပြီး အထူးသဖြင့် အများသုံး Wi-Fi ကွန်ရက်တွေမှာ ဟက်ကာတွေက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကနေ အကာအကွယ်ပေးပါတယ်။
ကန့်သတ်ထားသော အကြောင်းအရာသို့ ဝင်ရောက်ခွင့်- VPN တွေဟာ တည်နေရာကန့်သတ်ချက်များနဲ့ ဆင်ဆာဖြတ်တောက်မှုတွေကို ကျော်လွှားနိုင်ပြီး သုံးစွဲသူတွေက ၎င်းတို့ရဲ့ဒေသအတွင်း ကြည့်လို့မရအောင် ပိတ်ဆို့ထားတဲ့ အကြောင်းအရာတွေကို ဝင်ရောက်ကြည့်ရှုခွင့်ရနိုင်ပါတယ်။
– ဒေတာကာကွယ်မှု
VPN တွေဟာ စကားဝှက်တွေနဲ့ ကိုယ်ရေးကိုယ်တာဒေတာတွေလို အရေးကြီးတဲ့ အချက်အလက်တွေကို လုံခြုံစွာ ပေးပို့ထားကြောင်း အာမခံပေးပါတယ်။
VPN တွေဟာ သုံးစွဲသူရဲ့ ဒေတာတွေကို စာဝှက်ခြင်းနှင့် အသုံးပြုသူရဲ့ IP လိပ်စာကို ဖုံးကွယ်ခြင်းဖြင့် အင်တာနက်ကို လုံလုံခြုံခြုံနဲ့ သီးသီးသန့်သန့် သုံးစွဲနိုင်အောင် အထောက်အကူပြုပါတယ်။
ဒါပေမယ့် အခမဲ့ VPN များစွာရှိပြီး ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် စိုးရိမ်မှုများလည်း ရှိပါတယ်။ စစ်ကောင်စီလို အဖွဲ့အစည်းတွေက နိုင်ငံသားတွေရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ VPN တွေကို အသုံးပြုတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလိုဆို စစ်ကောင်စီက VPN တွေကို ဘယ်လို အသုံးပြုလို့ရနိုင်လဲ ။ VPN သုံးစွဲသူတွေကော ဘာတွေ သတိထားသင့်သလဲ။
အန္တရာယ်ရှိတဲ့ VPN ဝန်ဆောင်မှုတွေ
– ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှု
VPN ဝန်ဆောင်မှုကို စစ်ကောင်စီ ဒါမှမဟုတ် ၎င်းရဲ့ လုပ်ငန်းခွဲတွေက ပိုင်ဆိုင်တာ သို့မဟုတ် ထိန်းချုပ်တာဆိုရင် VPN ဆာဗာတွေက တစ်ဆင့် ဖြတ်သန်းသွားတဲ့ လမ်းကြောင်းအားလုံးကို တိုက်ရိုက်စောင့်ကြည့်နေနိုင်ပါတယ်။
– အန္တရာယ်ရှိတဲ့ VPN ဝန်ဆောင်မှုပေးသူတွေ
အချို့သော အခမဲ့ VPN ဝန်ဆောင်မှုပေးသူတွေဟာ သုံးစွဲသူဒေတာကို မှတ်တမ်းတင်ပြီး အစိုးရတွေအပါအဝင် ပြင်ပအဖွဲ့အစည်းတွေကို ရောင်းချတာ လွှဲပြောင်းတာ လုပ်နိုင်ချေရှိပါတယ်။ ဒီလိုလွှဲပြောင်းရောင်းချတဲ့ ဒေတာတွေမှာ ဝင်ကြည့်ခဲ့တဲ့ Website တွေ၊ IP လိပ်စာတွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပါဝင်နိုင်ပါတယ်။
ကြားဖြတ်အချက်အလက်ခိုးယူခြင်း
စစ်ကောင်စီက အချို့သော VPN ဝန်ဆောင်မှုပေးသူတွေရဲ့ အခြေခံအဆောက်အဦသို့ ဝင်ရောက်ခွင့်ရှိပါက VPN မှတစ်ဆင့် ပေးပို့သော အချက်အလက်များကို ကြားဖြတ်ခြင်းနှင့်အချက်အလက်ရယူ ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ အခမဲ့ VPN တွေဟာ မကြာခဏဆိုသလို အားနည်းတဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေး မူဝါဒတွေ ရှိပြီး သုံးစွဲသူတွေရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ထားနိုင်ပါတယ်။ ဒီ မှတ်တမ်းတင်ထားတဲ့ ဒေတာကို အစိုးရအဖွဲ့အစည်းတွေက တောင်းဆိုနိင်သလို သိမ်းယူနိုင်ပါတယ်။ တခါတလေ အချို့သော VPN တွေက အသုံးမပြုတာတောင်မှ စက်ထဲထည့်ထားရင် အသုံးပြုသူရဲ့ လုပ်ဆောင်ချက်ကို စောင့်ကြည့်တဲ့ Malware သို့မဟုတ် ခြေရာခံ Software တွေ ပါနေနိုင်ပါတယ်။
ဒါကြောင့် VPN software တစ်ခု မိမိစက်ထဲ ထည့်တော့မယ်ဆိုရင်
၁။ ထည့်မယ့် VPN က ဘယ်လို အမျိုးအစားလဲ ။ အခပေးဖြစ်စေ အခမဲ့ဖြစ်စေ ဒီVPN က ဘယ်လိုဝန်ဆောင်မှုပေးတဲ့ VPN လဲ။ ဂုဏ်သိက္ခာရှိရှိ သုံးစွဲသူတွေရဲ့ ဒေတာလုံခြုံရေးကို အာမခံချက်ဘယ်လောက်ပေးသလဲ ၊
၂။ အင်တာနက်ချိတ်ဆက်မှုက ကုဒ်ဝှက်ထားတဲ့ ချိတ်ဆက်မှု ဟုတ်မဟုတ် (Encripted)
၃။ VPN က အသုံးပြုသူရဲ့ အင်တာနက်လုပ်ဆောင်မှုတွေကို သိမ်းထားတာ ရှိမရှိ၊ Log တွေကို မှတ်ထားတယ်ဆိုရင် ဦးစားပေးရွေးချယ်တဲ့ VPN စာရင်းထဲက ဖယ်ထားသင့်ပါတယ်။
၄။ နောက် စဥ်းစားရမှာတွေက အင်တာနက်မြန်နှုန်းကိုရော ဘယ်လောက်သက်ရောက်မှုရှိသလဲ ။ အခပေး VPN အတော်များများကတော့ အင်တာနက် အမြန်နှုန်းအပေါ် များများစားစားသက်ရောက်မှု မရှိတာတွေ့ရပါတယ်၊ ဆာဗာတည်ရှိတဲ့ နိုင်ငံ ဘယ်လောက်များလဲ ။ ဆာဗာတွေကို ကိုယ့်ဘာသာရွေးလို့ ရမရ စတဲ့ အချက်အလက်တွေကို အရင်လေ့လာကြည့်သင့်ပါတယ်။
အခမဲ့ VPN မှာဆိုရင် Open Source ဖြစ်တဲ့ (Open Source ဆိုတာ Software program ကို မည်သူမဆို ဝင်ရောက်ကြည့်နိုင်အောင်လုပ်ထားတဲ့) Psiphon လိုဟာမျိုး သုံးသင့်ပါတယ်။
အကြံပြုထားတဲ့ အခမဲ့ VPN တွေက https://riseup.net/vpn
https://psiphon.ca/en/download.html
https://lantern.io/faq
အခပေး VPN ဆိုရင်တော့ Nord VPN, Surfshark VPN and Express VPN တွေဟာ ဒေတာလုံခြုံရေးအတွက် အသင့်တော်ဆုံးလို့ အကြံပြုထားတာတွေ ရှိပါတယ်။ https://nordvpn.com
https://surfshark.com
https://www.expressvpn.com
ကိုးကား https://www.security.org/vpn/
https://securityinabox.org/en/
The Tanintharyi Times