တနင်္သာရီမှာ စစ်ရေးလှုပ်ရှားမှု ပြောင်းလာတဲ့ စစ်ကောင်စီတပ်
တနင်္သာရီမှာ စစ်ရေးလှုပ်ရှားမှု ပြောင်းလာတဲ့ စစ်ကောင်စီတပ်

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ဗျူဟာ ပြောင်းလဲလာတယ်လို့ သက်ဆိုင်ရာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေအခြေစိုက်တဲ့နေရာတွေကို စစ်ကြောင်းထိုးတာတွေအရင်ထက်ပိုနည်းလာတာမျိုးတွေ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကဆိုပါတယ်။
အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ တိုက်ပွဲအများဆုံးမြို့နယ်ဖြစ်တဲ့ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ခံစစ်အထိုင်ပိုခိုင်အောင် လုပ်လာလာတယ်လို့ ဒေသအခြေစိုက်အဖွဲ့တွေကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တဲ့အချိန် ထိခိုက်ဆုံးရှုံးမှုများတဲ့အတွက် ထိခိုက်မှုနည်းတဲ့ ခံစစ်ဗျူဟာကို ရွေးလိုက်တာဖြစ်နိုင်ပြီး နောက်တချက်က လုံးဝအင်အားမရှိတော့လို့ မြို့ကို မကျအောင်ကလွဲပြီး နည်းလမ်းမရှိတော့လို့ ဒီခံစစ်ကို မဖြစ်မနေရွေးလိုက်ရတာကြောင့်လည်းဖြစ်နိုင်တယ်ဆိုပြီးသုံးသပ်သူတွေလည်းရှိပါတယ်။
“သူတို့ စစ်ကြောင်းနောက်ဆုံးထိုးတာ လက်ပံပြင်မှာ ကျွန်တော်တို့ ရဲဘော် ၅ ယောက်ကျတဲ့ တိုက်ပွဲ နောက်ဆုံးပဲ။ တိုက်ခိုက်မှုပုံစံပြောင်းလာတာ ၃ လလောက် ရှိပြီလို့ ပြောရမယ်။” လို့ မြိတ်ခရိုင်တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ဖွဲ့ဝင် ရဲဘော်အာနိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က နန်းပရုတ်ရွာမှာ အိမ်တစ်လုံးမီးရှို့သွားတဲ့ဖြစ်စဥ်မှာ ပလောက်မြို့အခြေစိုက် တိုင်းဗဟို ၂ လို့အရင်ကခေါ်ကြတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက စစ်ကောင်စီတပ်သားတွေပါ ပါဝင်လာတာတွေ့ရတယ်လို့ ဒေသအခြေစိုက်တပ်ဖွဲ့တွေက ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီတပ်ရဲ့အင်အားနည်းပါးလာမှုကိုပြသနေတာဖြစ်ပြီး ပုံမှန်အားဖြင့် တိုက်ခိုက်ရေးလိုက်လေ့မရှိတဲ့ အရန်အင်အားတွေကို ထုတ်သုံးလာတာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။
အလားတူ လောင်းလုံးမြို့နယ်မှာလည်း စစ်စခန်းတွေ အထိုင်ချတာ၊ ပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာတွေနဲ့ ကင်းပုန်းဝပ်တာတွေကို ပိုပြီးလုပ်လာတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း လောင်းလုံးမြို့ပေါ်က လဝကရုံးပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အချုပ်ခန်းတောင်မဆံ့တဲ့ထိ ပြည်သူအများအပြားကိုဖမ်းဆီးခဲ့ပါတယ်။
မြို့နယ်ထဲက သဲပုံတောင်ပေါ်မှာလည်း စစ်ကောင်စီတပ်က အမြောက်တပ်လို့ယူဆရတဲ့ စခန်းတစ်ခုကိုဆောက်လုပ်နေပြီး တောင်ကြောတလျှောက် ကင်းပုန်းဝပ်တာတွေလုပ်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီတောင်ပေါ်ကနေ ကရင်ကြီးရွာနဲ့ သဗျာရွာတွေဘက်ကို လက်နက်ကြီး ပစ်ခဲ့တယ်လို့ သိရပါတယ်။
“ဒါဟာ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်အတွက် တခုခုခိုင်ခိုင်မာမာလုပ်လာတာပါပဲ။ လောင်းလုံးမြို့နယ်ထဲမှာ တပ်အထိုင်တစ်ခုတိုးလာတာပေါ့။ ထားဝယ်နဲ့ လောင်းလုံးအတွက် တကယ့်ဗျူဟာကျတဲ့နေရာကိုယူထားလိုက်တာပါ” လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ရှိသူ အုန်းအုန်းက ပြောပါတယ်။
ထားဝယ်ခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ ဆက်ရှိနေပေမယ့် အရင်ကထက်စာရင် ပုံစံပြောင်းလာတာမျိုးတွေ့ရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့မေလ မတိုင်ခင်က လူသားဒိုင်းအဖြစ် အများအပြားဖမ်းဆီးခေါ်ဆောင်တာတွေနည်းခဲ့ပေမယ့် မေလအတွင်းအများအပြားလုပ်ဆောင်လာတဲ့အပြင် နေအိမ်တွေကိုမီးရှို့တာတွေပိုလုပ်လာတယ်လို့ ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
အရပ်သားတစ်ဦးကို သေနတ်နဲ့ပစ်သတ်ပြီးမှ ပြောက်ကျားယူနီဖောင်းဝတ်ပေးပြီး PDF ကျဆုံးတယ်လို့ သတင်းဖြန့်ခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
ထားဝယ်မြို့ပေါ်မှာလည်း မြို့ခံတွေကို စစ်ကြောရေးမှာ သတ်ဖြတ်တာ၊ လမ်းမှာသတ်ဖြတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။
ဒီလုပ်ရပ်တွေဟာ စစ်ကောင်စီတပ်ဘက်က အားနည်းလာလို့ လူထုကိုအကြောက်တရားနဲ့အုပ်ချုပ်ဖို့အတွက် အကြမ်းဖက်သတ်ဖြတ်ပြတာ၊ စစ်ရာဇဝတ်မှုကျူးလွန်တာတွေ ပိုမိုလုပ်ဆောင်လာတာဖြစ်တယ်လို့သုံးသပ်သူတွေလည်းရှိပါတယ်။
”ဒီလအတွင်းဖြစ်စဥ်တွေကိုကြည့်ရင်မြို့ပေါ်မှာတောင် သူတို့မလုံခြုံဘူးလို့ ခံစားလာရတယ်ဆိုတာသိသာပါတယ်။ အဲတော့ အကြမ်းဖက်သတ်ဖြတ်ပြီး ပြည်သူတွေကို ကြောက်စိတ်ပြန်သွင်းတာပါ။” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း(၁)က ပြန်ကြားရေးတာဝန်ခံ ကပ်ပတိန်က ပြောပါတယ်။
နဘုလယ်ဒေသမှာဖြစ်သွားတဲ့ လေကြောင်းတိုက်ခိုက်မှုဟာလည်း စစ်ကောင်စီတပ်က မြေပြင်စိုးမိုးမှုသိသိသာသာလျော့နည်းလာနေပြီး အင်းအားလျော့နည်းလာတာရဲ့ အဓိက နမူနာဖြစ်တယ်လို့ သူကထောက်ပြပါတယ်။
ပုလောမြို့နယ်နည်းတူ လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီတပ်က စစ်ရေးဗျူဟာ သိသိသာသာပြောင်းလဲလာတာမျိုးမရှိပေမယ့် ခံစစ်နဲ့ပုံစံကို ပိုပြီးအားထားလာတာတွေ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
“လက်ရှိနေရာသုံးနေရာလောက်ကို စကစဘက်ကလှုပ်ရှားနေတာတော့ရှိတယ်။ ”လို့ ဒေသခံရဲဘော်တစ်ဦး ပြောပါတယ်။
တနင်္သာရီတိုင်းတစ်ခုလုံးခြုံငုံကြည့်ရင် စစ်ကောင်စီတပ်က စစ်ရေးဗျူဟာကျတဲ့နေရာတွေ၊ ခြေကုပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်ဖွင့်တာတွေနဲ့ ကင်းပုန်းဝပ်တာတွေ စတဲ့ ခံစစ်ဘက်ကို ဦးတည်နေတဲ့အရွေ့ကို တွေ့ရတယ်လို့ မြေပြင်မှာရှိနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
ဒါကြောင့် အရင်က စစ်ကြောင်းထိုးဝင်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲတွေအဖြစ်များခဲ့တဲ့တနင်္သာရီတိုင်းဟာ အခုနှစ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတွေ၊ စစ်စခန်းတွေတိုက်ခိုက်ခံရတဲ့ အကြိမ်အရေအတွက် တစ်ဖြည်းဖြည်းနဲ့ များလာနေတာပဲဖြစ်ပါတယ်။
The Tanintharyi Times