စက်သုံးဆီဈေးနဲ့အပြိုင် ကြက်သွန်နီဈေးလည်း လိုက်တက် တစ်ပတ်အတွင်း တစ်ပိဿာကို ကျပ် ၅၀၀ ကျော်အထိ ဈေးတက်လာ
စက်သုံးဆီဈေးနဲ့အပြိုင် ကြက်သွန်နီဈေးလည်း လိုက်တက် တစ်ပတ်အတွင်း တစ်ပိဿာကို ကျပ် ၅၀၀ ကျော်အထိ ဈေးတက်လာ

နေ့စဉ် ချက်ပြုတ်၊ စားသောက်နေတဲ့ ဟင်းလျာတွေရဲ့ အခြေခံကုန်စည်တစ်မျိုးဖြစ်တဲ့ ကြက်သွန်နီဟာ ထားဝယ်မြို့မှာ တစ်ပတ်အတွင်း တစ်ပိဿာကို ကျပ် ၅၀၀ ကျော်အထိ စျေးတက်သွားပါတယ်။
အရင်တစ်ပတ်ကအထိ ဆယ်ပိဿာတစ်အိတ်ကို ၁သောင်းကျပ်သာစျေးပေါက်ပေမယ့် ဒီနေ့ မှာတော့ ၁သောင်း ၅ထောင်ကျပ်အထိ စျေးတက်သွားတယ်လို့ ပွဲရုံတွေကနေ သိရပါတယ်။
” ဒီနေ့ဆိုရင် လက်လီစျေးက တစ်ပိဿာ ၁၆၀၀(ကျပ်) အထိ ရောင်းနေတာရှိတယ်။စျေးအတက်မြန်တော့ တချို့ကစျေးအမြင့်ထိစောင့်ပြီးမှ ပြန်ရောင်းဖို့ သိုထားတယ်လေ။ ဒါကြောင့်စျေးကွက်ထဲ ကြက်သွန်ကနည်းနေပြီ” လို့ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
နှစ်စဉ် ဒီလိုအချိန်ဆိုရင် ကြက်သွန်အဟောင်း၊ အသစ်လဲချိန်ဖြစ်ပြီး မိုးရာသီ ကြက်သွန်တွေရေထိတာနဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့် စျေးတက်နေကျဖြစ်ပေမယ့် ဒီနှစ်ကတော့ စျေးပိုတက်နိုင်တယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက ခန့်မှန်းနေကြပါတယ်။
“ပြည်ပကအဝယ်လိုက်နေတော့ စျေးကထပ်မြင့်လာဖို့ပဲရှိတယ်။ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရရော စက်သုံးဆီစျေးကြောင့်ရောပေါ့။ ဘယ်လောက်အထိစျေးမြင့်မလဲတော့ မပြောတတ်သေးဘူး ” လို့ပွဲရုံလုပ်ငန်းရှင်က ဆက်ပြောပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်၊ ၂၀၁၉ ခုနစ်တုန်းက ကြက်သွန်နီတစ်ပိဿာကို ၃၅၀၀ကျပ် ဝန်းကျင်အထိစျေးတက်ဖူးပြီး ၂၀၂၀ နဲ့ ၂၀၂၁ခုနစ်တွေမှာတော့ အနည်းငယ်တည်ငြိမ်ခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာကနေ ကြက်သွန်နီ ဝယ်ယူဖို့ ပြီးခဲ့တဲ့လက ကမ်းလှမ်းထားတာရှိပြီးပြည်ပကို ကြက်သွန်တန်ချိန် ၂သိန်းကျော် မနှစ်က တင်ပို့ခဲ့တယ်လို့ စစ်ကောင်စီရဲ့ စီးပွါးရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times