ပုလောမြို့ပေါ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ
ပုလောမြို့ပေါ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

မြိတ်ခရိုင်၊ ပုလောမြို့ပေါ်က စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး မနေ့က အသတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ည ၈ နာရီခွဲလောက်မှာ အမှတ်(၅) ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၆၀ ဝန်းကျင်အရွယ် ဦးသန်းဝင်းကို သူ့ရဲ့အိမ်မှာပဲ လက်နက်ကိုင်တပ်ဖွဲ့ဝင်ငါးဦးက သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ မြို့ခံတွေက ဆိုပါတယ်။
“ရပ်ကွက်ထဲက မီးကင်းနဲ့လုံခြုံရေးကင်းစစ်ပြီးအပြန် အိမ်ထဲဝင်ဖို့ သော့ဖွင့်နေတုန်းအချိန်မှာ အနောက်ကနေပစ်ခံလိုက်ရတာ တချက်ဆိုတချက်ပဲ နှလုံးကိုဖောက်ဝင်သွားတယ်။” လို့ လူလတ်ပိုင်းအရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးပစ်ခံရတဲ့အချိန် သူ့ရဲ့ဘေးမှာ ဇနီးဖြစ်သူလည်းရှိနေတယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။
ပစ်သတ်ခံခဲ့ရတဲ့အုပ်ချုပ်ရေးမှူးဟာ ရပ်ကွက်ထဲမှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ လူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းလေ့ရှိသူဖြစ်တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဦးသန်းဝင်း ဟာ စစ်အာဏာသိမ်းလက်ထက် အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကဆိုရင် ပန်းချီ၊ အင်္ဂတေနဲ့ ပန်းပုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
သူ့ရဲ့အိမ်ဟာ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၈၅)နဲ့ဆိုရင် ငါးမိနစ်ခန့်သာလမ်းလျှောက်သွားရတဲ့ အကွာအဝေးမှာရှိပါတယ်။ တဖက်မှာလည်း မီးကင်းလုံခြုံရေးဂိတ်ကတစ်ခု၊ ရပ်ကွက်စာသင်ကျောင်းရှေ့မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ် စတဲ့နေရာတွေဝိုင်းရံထားပြီး လုံခြုံရေးတင်းကြပ်တဲ့နေရာလို့ မြို့ခံတွေက ပြောပါတယ်။
ဂိတ်တွေနဲ့ ပတ်ပတ်လည်ဝိုင်းရံထားတဲ့ကြားက အခုလိုပစ်သတ်ခံခဲ့ရတဲ့အတွက် ရပ်ကွက်နေလူထုက စစ်ကောင်စီတပ်က အပြစ်ပြောဆိုနေကြသလို တခြားအုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း အိမ်ထဲကအိမ်ပြင်မထွက်ရဲဘဲ လုံခြုံရေးစိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)ပူးပေါင်းတပ်တွေက ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့မနက်မှာ PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
“စစ်မှုထမ်းလူစုတဲ့ကိစ္စနဲ့ပတ်သက်ပြီး လာတိုင်ထားတာတော်တော်များပါတယ်။ စကစနဲ့ပေါင်းပြီး လက်ညှိုးထိုးလိုက်တာနဲ့ အဲလူစစ်မှုထမ်းထဲရောက်ပြီ။ ဒါကြောင့် အခွင့်အရေးရတုန်းရှင်းလိုက်တာပါ။” လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
လက်ရှိမှာတော့ အုပ်ချုပ်ရေးမှူးဦးသန်းဝင်းရဲ့ ရုပ်အလောင်းကိုအိမ်မှာပဲထားရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရှိနေသလို ဂိတ်တွေမှာလည်း လမ်းသွားလမ်းလာတွေရဲ့ ဖုန်းကိုအဓိကထားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပုလောမြို့ပေါ်မှာ ရပ်ကွက်ငါးခုရှိပြီး အဲဒီရပ်ကွက်အားလုံးကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အမှတ်(၂)ရပ်ကွက်မှာရှိတဲ့ စစ်ဘက်ရေးလုံခြုံရေးရုံး(စရဖရုံး)မီးရှို့ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ဆုံးအပတ်ကတော့ ကော့သောင်းမြို့နယ်၊ ဟတ်စဒင်းရွာက ပျူးစောထီးခေါင်ဆောင် ဦးမြင့်ဆွေကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။
The Tanintharyi Times