လားရှိုး က ကွမ်ရင်တရုတ်ဘုံကျောင်း ကိုပစ်မှတ်ထားပြီးစစ်ကောင်စီဗုံးကြဲတိုက်ခိုက်

လားရှိုး က ကွမ်ရင်တရုတ်ဘုံကျောင်း ကိုပစ်မှတ်ထားပြီးစစ်ကောင်စီဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ က ကွမ်ရင်မယ်တော်ဘုရားကျောင်း ကိုစစ်ကောင်စီတပ်တွေက လေယာဉ် နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းကနေ ၄ ကြိမ် ဗုံးကြဲခဲ့ပြီး ကွမ်ရင်မယ်တော်ဘုရားကျောင်းကို စစ်ကောင်စီကနှစ်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အမှတ် (၈)ရပ်ကွက်က ဆောက်လက်စ အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA ဘက်က ထုတ်ပြန်ထားတာပါ။

ဒီကနေ့ မနက် ၂ နာရီကျော်ကနေ ၅ နာရီကျော်အတွင်း လားရှိုးမြို့တွင်းရှိ လူနေရပ်ကွက်တွေအပေါ်ကို ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင်း ၅၀၀ ဗုံးတွေ ကြဲချကာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး အဖွဲ့က ပြောပါတယ်။

စက်တင်ဘာလကုန်ပိုင်းကစပြီး စစ်ကောင်စီဟာ လေကြောင်းကနေတဆင့် လားရှိုးမြို့ပေါ်ကို ဆက်တိုက်ဗုံးကြဲနေကာ အခုလထဲမှာပင် အောက်တိုဘာ ၁ ရက်နဲ့ ဒီကနေ့ ၄ ရက်နေ့တို့မှာ ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဗုံးကြဲနေတာဟာ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပြီး ကိုးကန့်တပ်မတော်က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ပြန်လည်စည်ကားလာမှာကို စစ်ကောင်စီဘက်က မလိုလားတာကြောင့် ဖြစ်တယ်လို့ လားရှိုးမြို့ခံ ၁ ဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“သူတို့ ဆုံးရှုံးသွားတဲ့ မြို့တွေမှာ ပြန်လည်စည်ကားနေပြီ သွားလာလည်ပတ်နေမှာ သူတို့ စိုးရိမ်တယ်၊ အဲတော့ ဈေးတွေဘာတွေ ကြဲလိုက်မယ်ဆိုရင် လူတွေ ပြန်မလာရဲတော့ဘူး ပြန်ထွက်သွားမယ်ဆိုတဲ့ အယူအဆနဲ့ လုပ်နေတာ အများကြီး တွေ့ရတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်တာနဲ့ အဲမြို့ လုံးဝပျက်စီးစေရမယ်၊ တိုက်ပွဲကာလမှာ ပျက်စီးတာဆိုလို့ တမြို့လုံးကို ခြုံကြည့်မယ်ဆိုရင် ၄ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်၊ အခု Airstrike ကြောင့် တော်တော်လေးကို ပျက်စီးတယ်ဗျ” လို့ လားရှိုးမြို့ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ လားရှိုးမြို့ကို MNDAA က အချိန် ၁ လကြာ တိုက်ခိုက်ပြီးနောက် ဩဂုတ် ၃ ရက်နေ့ကစပြီး မြို့အလုံးစုံကို ကိုးကန့်တပ်မတော်ဘက်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

MNDAA က လားရှိုးမြို့ ပြန်လည်ထူထောင်ရေး အုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်အကောင်အထာ်ဖော်လုပ်ဆောင်နေချိန် ဩဂုတ်လကုန်ရက်ကစပြီး အခုအချိန်အထိ စစ်ကောင်စီက လားရှိုးကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရှမ်းမြောက်ဒေသ၊ အထူးဒေသ (၁) နယ်မြေမှာရှိတဲ့ လောက်ကိုင်မြို့ အပါအဝင် သီန္နီ၊ ကွတ်ခိုင်၊ လားရှိုး စတဲ့ နယ်မြေတွေမှာ ဇူလိုင်လကနေ စက်တင်ဘာလကုန်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၁ ဦးထက်မနည်း သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရရှိကာ နေအိမ်၊ ဟိုတယ်၊ စာသင်ကျောင်း များစွာ ပျက်စီးသွားတယ်လို့ MNDAA ဘက်က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၅ ကြိမ်မှာ ၁၆ ကြိမ်က ပြည်သူထိခိုက်မှု ဖြစ်စေခဲ့ပြီး ယင်းတိုက်ခိုက်မှုအတွင်း ဗုံးအလုံး ၁၀၀ ကျော်ကို အသုံးပြုခဲ့တာလို့ သိရပါတယ်။

လက်ရှိ လားရှိုးမြို့မှာတော့ ဖုန်းလိုင်းတွေ ပြန်လည်ပြတ်တောက်နေပြီး လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်ကြတဲ့ ပြည်သူတွေထဲက တချို့ကတော့ မြို့ကနေ ပြန်လည်ထွက်ခွာနေတာတွေလည်း ရှိနေတယ်လို့ လားရှိုးမြို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

The Tanintharyi Times