တနင်္သာရီမှာ စစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးကျည်စထိမှန်ပြီး နေအိမ်တစ်ဆောင်ထိခိုက်ပျက်စီး
တနင်္သာရီမှာ စစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးကျည်စထိမှန်ပြီး နေအိမ်တစ်ဆောင်ထိခိုက်ပျက်စီး
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကျည်စထိမှန်ပြီး အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တစ်ဆောင်လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
မနေ့ည ၇ နာရီဝန်းကျင်လောက်ကစပြီး ည ၁၂ နာရီလောက်ထိ တနင်္သာရီတံတားထိပ်၊ ခလရ(၅၆၁) တပ်ရင်းတွေကနေ ဘန်လောရွာနဲ့ အနီးနားတဝိုက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုတွေအတွင်း ၆ မိုင်ကျေးရွာက အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦး ခြေကျင်းဝတ်မှာ ကျည်စထိမှန်ခဲ့ပြီး ဘန်လော(အရှေ့)ရွာက အမျိုးသားတစ်ဦးမှာတော့ ပုခုံးနဲ့ဒူးမှာ ကျည်စထိမှန်ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီအရပ်သားနှစ်ဦးစလုံးဟာ အိမ်မှာနေနေတုန်း အိမ်ပတ်ဝန်းကျင်ကိုကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကျည်စထိမှန်ဒဏ်ရာရတာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့် ဘန်လော(အရှေ့)ရွာက ခြေတံရှည်သစ်အိမ်တစ်ဆောင်ပေါ်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အိမ်ရှင်တွေက ညနေပိုင်းလက်နက်ကြီးတအားပစ်နေကတည်းကရှောင်သွားတာ။ အိမ်မှာလူမရှိတော့ လူထိခိုက်တာမရှိဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဘန်လော(အရှေ့)ရွာက ဘန်လောကျေးရွာအုပ်စုထဲမှာရှိပြီး ၆ မိုင်ကျေးရွာက သကျက်ကျေးရွာအုပ်စုထဲမှာရှိပြီး ဒီရွာနှစ်ရွာဟာ တစ်မိုင်ခန့်သာဝေးတယ်လို့ အဆိုပါဒေသခံက ဆက်ရှင်းပြပါတယ်။
ဇူလိုင်လ နောက်ဆုံးအပတ်ကလည်း ဘန်လောရွာက အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဘန်လောရွာထဲကို မကြာခဏ လက်နက်ကြီးနဲ့ပစ်ခတ်လေ့ရှိပြီး ပစ်ခတ်တဲ့အချိန်တိုင်းမှာလည်း အရပ်သား၊ နေအိမ်တွေ အမြဲလိုလို ထိခိုက်ဒဏ်ရာရတာ၊ ပျက်စီးတာတွေရှိခဲ့ပါတယ်။
The Tanintharyi Times
