ကာမီကာဇေ ဆိုတာဘာလဲ
ကာမီကာဇေ ဆိုတာဘာလဲ
(Explainer)
ဒီနေ့မနက်ပိုင်းက နေပြည်တော်စစ်ရုံးချုပ်နဲ့ နေပြည်တော် လေယာဥ်ကွင်း(အေလာ) တို့ကို ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပတ်သက်တဲ့သတင်းသုံးသပ်ချက်တွေကို ပုံမှန်ဖော်ပြနေတဲ့ PDF Insight က ဖော်ပြခဲ့ပါတယ်။
ကာမီကာဇေ(Kamikaze) ဆိုတာဘာလဲဆိုတာကို တနင်္သာရီတိုင်းမ်ပရိတ်သတ်တွေသိရအောင်ဖော်ပြပေးလိုက်ပါတယ်။
ကာမီကာဇေ နည်းဗျူဟာကို ဒုတိယကမ္ဘာစစ်ရဲ့ နောက်ဆုံးအချိန်တွေမှာ ဂျပန်ရေတပ်ရဲ့ လေယာဥ်တွေမှာ စပြီးကျင့်သုံးခဲ့ပါတယ်။
မဟာမိတ်တွေ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ ကြီးမားတဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့ ကြိုးပန်းမှုအနေနဲ့ ၁၉၄၄ ခုနှစ်မှာ စတင်ခဲ့တာပါ။
လေယာဥ်နဲ့လေ့ကျင့်သင်ကြားထားတဲ့ လေယာဥ်မှူးတွေသိသိသာသာအားလျော့ပြီး စစ်ပွဲအတွက် အရင်းအမြစ်တွေလျော့နည်းလာတာက ဂျပန်စစ်တပ်အနေနဲ့ အစီအမံအသစ်တွေကို အသုံးချရေး ဆုံးဖြတ်ဖို့အတွက် တွန်းအားပေးခဲ့ပါတယ်။
တိုင်းပြည်အတွက် အသက်စွန့်ဖို့ တာဝန်ရှိပြီး အဲဒီလိုအသက်စွန့်တဲ့လုပ်ရပ်က မြင့်မြတ်တယ်လို့ခံယူထားတဲ့ Kamikaze လေယာဥ်မှူးတွေဟာ အထူးတိုက်ခိုက်ရေးယူနစ်တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
အဲဒီလေယာဥ်မှူးတွေဟာ သူတို့ရဲ့ လေယာဥ်တွေကို ဖောက်ခွဲရေးပစ္စည်းတွေ၊ လောင်စာဆီတွေတင်ဆောင်ပြီး အပျက်အစီးအများဆုံးဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်သူသင်္ဘောတွေထဲကို ရည်ရွယ်ချက်ရှိရှိထိုးဆင်းပြီး အသေခံတိုက်ခိုက်ကြတာပါ။
သူတို့ရဲ့ ပစ်မှတ်တွေဟာ ရေတပ်သင်္ဘောတွေဖြစ်ပြီး လေယာဥ်သင်္ဘောတွေဟာ သူတို့ရဲ့ ဗျူဟာမြောက်အရေးပါတဲ့အတွက် တန်ဖိုးအရှိဆုံးပစ်မှတ်တွေထဲမှာ ပါဝင်ပါတယ်။
Kamikaze တိုက်ခိုက်မှုတွေဟာ မဟာမိတ်ရေတပ်သားတွေအပေါ် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုနက်နဲစေခဲ့ပြီး ကြောက်ရွံ့တုန်လှုပ်မှုနဲ့အတူမှန်းဆလို့မရတဲ့ ခံစားချက်တွေကို ဖြစ်စေခဲ့ပါတယ်။
ဂျပန်တွေအတွက်တော့ အဲဒီတိုက်ခိုက်မှုတွေဟာ နိုင်ငံနဲ့ ဧကရာဇ်မင်းရဲ့ ဂုဏ်သိက္ခာ၊ ရဲရင့်မှု၊ ကိုယ်ကျိုးစွန့်မှုတွေကို အလေးပေးဖော်ပြတဲ့ ဘူရှီဒိုကုဒ်ရဲ့ အဆုံးစွန်သော ထုတ်ဖော်ချက်အနေနဲ့ ရှုမြင်ကြပါတယ်။
kamikaze တိုက်ခိုက်မှုတချို့ကြောင့် မဟာမိတ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် နည်းဗျူဟာကတော့ စစ်ပွဲရလဒ်ကို မပြောင်းလဲစေခဲ့ပါဘူး။ မဟာမိတ်တွေဟာ ဟီရိုရှီးမားနဲ့ နာဂါဆာကီတို့ကို အဏုမြူကြဲချပြီးနောက် ၁၉၄၅ ခုနှစ် သြဂုတ်လမှာ ဂျပန်တွေလက်နက်ချခဲ့ပါတယ်။
kamikaze လေယာဥ်တွေနဲ့ ဆက်စပ်ပြီး မတူကွဲပြားတဲ့ အမြင်တွေလည်းရှိကြပါတယ်။ ဂျပန်နိုင်ငံဟာ သူတို့နိုင်ငံအတွက် အဆုံးစွန်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ သူရဲကောင်းတွေအနေနဲ့ ဂုဏ်ပြုလေ့ရှိပါတယ်။
သူတို့ကို အမှတ်ရနေစေဖို့အတွက် ဂျပန်နိုင်ငံတဝှမ်းမှာ အထိမ်းအမှတ်တွေနဲ့ ပြတိုက်တွေ ဖွင့်လှစ်ထားပါတယ်။
တခြားတစ်ဖက်မှာလည်း Kamikaze နည်းပရိယာယ်ကို အသုံးပြုတာဟာ ကိုယ်ကျိုးစွန့်မှုနဲ့ အသေခံတိုက်ခိုက်မှုတွေပါဝင်တဲ့ စစ်ရေးဗျူဟာတွေကြောင့် ကျင့်ဝတ်ဆိုင်ရာ အချေအတင်ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။
The Tanintharyi Times