ဝင်းဝရဲစခန်းက ဒုရဲအုပ်တစ်ဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး

ဝင်းဝရဲစခန်းက ဒုရဲအုပ်တစ်ဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး

သရက်ချောင်းမြို့နယ်၊ ဝင်းဝနယ်မြေရဲစခန်းက ဒုရဲအုပ်တစ်ဦး စနိုက်ပါကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အခုလ ၃ ရက်နေ့ နေ့လယ်ပိုင်းက ရဲစခန်းထဲမှာရှိနေတဲ့ အသက် ၃၄ နှစ်အရွယ် ဒုရဲအုပ် အောင်ပြည့်ဖြိုးဟာ စနိုက်ပါနဲ့ပစ်ခတ်ခံရတာဖြစ်ပြီး ဆီးခုံအနီးမှာ ကျည်မှန်ပြီးဆုံးသွားတာလို့ ဆိုပါတယ်။

“နေ့လည်ဘက်မှာကျည်မှန်ပြီးတော်တော်လေးခြေနေဆိုးဆိုးနဲ့ရင်ဆိုင်ခဲ့ရတယ် ညရောက်တော့ ဆုံးသွားတာပဲ” လို့ ဝင်းဝရဲစခန်းက‌ နေ CDM လုပ်ထားတဲ့ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဒုရဲအုပ်အောင်ပြည့်ဖြိုးရဲ့ရုပ်အလောင်းကိုတော့ ရဲစခန်းတောင်ပေါ်မှာပဲ မြေမြှုပ်လိုက်တယ်လို့ သိရပါတယ်။

ဝင်းဝရွာအနီးက စစ်ရေးလှုပ်ရှားမှုတွေပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူကလည်း ဒုရဲအုပ်ကျည်ထိမှန်သေဆုံးတဲ့ကိစ္စကို မှန်ကန်တယ်လို့ အတည်ပြုပြောဆိုပါတယ်။

ဒုရဲအုပ် အောင်ပြည့်ဖြိုးကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။

သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဝင်းဝရဲစခန်းမှာ စခန်းချလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်ကလည်း ထားဝယ်မြို့နယ်၊ ပကာရီရွာရဲစခန်းက စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ပါနဲ့ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

The Tanintharyi Times