ရေးမြို့မရဲစခန်းကနေ အချုပ်ဖောက်ထွက်ပြေးသူ သုံးဦး ရေးဘီလူးအဖွဲ့ ဆီရောက်ရှိ

ရေးမြို့မရဲစခန်းကနေ အချုပ်ဖောက်ထွက်ပြေးသူ သုံးဦး ရေးဘီလူးအဖွဲ့ ဆီရောက်ရှိ

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်း အချုပ်ခန်းကို ဖောက်ထွင်းပြီး ထွက်ပြေးသွားသူ သုံးဦးဟာ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့ဆီ ရောက်ရှိသွားပြီဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ရေးမြို့မရဲစခန်းက အချုပ်ဖောက်ပြီး ထွက်ပြေးသူ ၃ ဦးတို့ဟာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ရေးမြို့မရဲစခန်းရဲ့ အချုပ်ခန်းထဲကို ရဲတပ်ဖွဲ့ဝင်တွေ ထမင်းပို့စဉ် အချုပ်သားတချို့က သေနတ်လုကာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံထားရသူ ၄ ဦး ထွက်ပြေးသွားသလို ကျန်အချုပ်သားတချို့ကတော့ ပြန်လည်ဖမ်းဆီးခံရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါ ထွက်ပြေးသွားသူတွေထဲမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က တစ်ဦး၊ ဖေဖော်ဝါရီ ၂ ရက်နေ့က တစ်ဦးနဲ့ ဒီကနေ့မှာ တစ်ဦး စုစုပေါင်း ၃ ဦးကို ရေးဘီလူးတပ်ဖွဲ့က တပ်ဖွဲ့ရှိရာ နယ်မြေဆီ ကယ်ထုတ်သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အချုပ်သားတွေ ထွက်ပြေးတဲ့ ဖြစ်စဉ်ဟာ ကြိုတင်စီစဉ်ထားတဲ့ ကိစ္စဖြစ်ပြီး အချုပ်သားတွေ အပြင်ရောက်လာရင် ကယ်ထုတ်ပေးရမယ့် ကဏ္ဍတွေကို တပ်ဖွဲ့အနေနဲ့ တိုင်ပင်ထားပြီးသား ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“ရေးမြို့ရဲ့ အပြင်ဘက်မှာဆိုရင် ကျနော်တို့ကာကင်းစခန်းတွေ ရှိတယ်၊ ကျနော်တို့ မြို့ကို ပိတ်ဆို့ထားနိုင်ခဲ့ပြီးတော့ မြို့တွင်းက လှုပ်ရှားမှုတွေလည်း အချိန်နဲ့တပြေးညီ လှုပ်ရှားနိုင်တာပေါ့နော်၊ မြို့တွင်းကနေ အပြင်ကို ထွက်ဖို့အတွက်ကတော့ မခက်ခဲဘူးဗျ၊ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တာပေါ့နော်၊ ထိခိုက်မှုမရှိအောင်လည်း ကျနော်တို့ ကယ်တင်နိုင်ခဲ့တယ်ဗျ” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ရေးဘီလူးအဖွဲ့ဆီ ရောက်ရှိသွားသူ ၃ ဦးဟာ ရာဇသတ်ကြီးပုဒ်မ ၅၂ (က) အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) တို့နဲ့ စစ်ကောင်စီက ဖမ်းဆီးထားသူတွေ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြည်သူတွေကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်တသက်တကျွန်းအထိ ချမှတ်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။

လက်ရှိ ရေးမြို့မရဲစခန်း အချုပ်ကနေ လွတ်မြောက်သွားသူ ၃ ဦးဟာ အချုပ်ကာလရှည် ကျခံနေရသူတွေ ပါဝင်သလို ၆ လကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသူလည်း ပါဝင်ပါတယ်။

အချုပ်ခန်း ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဘက်က ရဲစခန်းမှူး ဒုရဲမှူး မြင့်ဦး ကျည်ဖောက်ဝင် ပြင်းထန်ဒဏ်ရာ ရရှိသွားသလို ဒုရဲအုပ်နဲ့ ရဲတပ်သား စုစုပေါင်း ၃ ဦးတို့ သေဆုံးသွားတယ် လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အချုပ်သားတွေထဲကလည်း သေဆုံးသူတွေ ရှိကြောင်း သိရပေမယ့် အရေအတွက်အတိအကျကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

“အချုပ်ထဲမှာ ကာပစ်ပေးတဲ့ ညီလေးတွေ ရှိတယ်၊ နောက်ဆုံး ရင်းပေးလိုက်ရတဲ့ ညီအကိုတွေလည်း ရှိတယ်ဗျ၊ လက်နက်နဲ့ ပြန်လည်ခုခံတဲ့ လူတွေကကျတော့ ရဲစခန်းထဲမှာပဲ ပစ်ခတ်လိုက်တယ်လို့ ကြားတယ်ဗျ” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

လွတ်မြောက်သွားသူ ၃ ဦးတို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေမှာ သင်တန်းတက်ရောက်ဖူးသူ၊ တော်လှန်ရေးထောက်ပို့လုပ်ဆောင်ခဲ့ဖူးတွေ ဖြစ်ပြီး တော်လှန်ရေးအလုပ်တွေကိုသာ ဆက်လုပ်သွားမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

ရေးမြို့မရဲစခန်းဟာ ပစ်ခတ်မှုမဖြစ်ခင်အချိန်ကတည်းက ရဲစခန်းရှေ့ လမ်းမပေါ်ကို သံဆူးကြိုးတွေနဲ့ ကာထားပြီး လုံခြုံရေးတင်းကြပ်ထားသလို ရဲစခန်းအတွင်း ပစ်ခတ်မှု ဖြစ်ပွားအပြီးမှာတော့ ရေးမြို့ပေါ်ကို လုံခြုံရေးအကြောင်းပြ စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

The Tanintharyi Times