ရေဘေးသင့်နေတဲ့ တနင်္သာရီမြို့ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ ဒေသခံထောင်ချီထွက်ပြေးနေရ
ရေဘေးသင့်နေတဲ့ တနင်္သာရီမြို့ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ ဒေသခံထောင်ချီထွက်ပြေးနေရ

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်း နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်နဲ့ ချီထွက်ပြေးနေကြရတယ်လို့ တော်လှန်ရေး အဖွဲ့တွေ နဲ့ ဒေသခံတွေ ရဲ့ ပြောပြချက်အရသိရပါတယ်။
လတ်တလော တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာ အနီးဝန်းကျင်က ရေဘေးသင့်နေတဲ့ ဒေသခံခြောက်ထောင်နီးပါး ဟာ စစ်ကောင်စီစစ်ကြောင်းကြောင့် ထပ်မံထွက်ပြေးနေကြရတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
တနင်္သာရီမြစ်ရေမြင့်တက်တာကြောင့် တနင်္သာရီမြို့နယ်က ကျေးရွာအများစု ရေဘေးအန္တရာယ်ကို ကြုံတွေ့နေကြရတာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ လယ်သစ်ရွာလည်း အပါအဝင်ဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့ လယ်သစ်အနောက်ရွာနဲ့ တဆက်တည်းရွာတွေဖြစ်တဲ့ လယ်သစ်အရှေ့၊ သာရဖုံအနောက်၊ သာရဖုံအရှေ့၊ ပဝ၊ ကျွန်းရှည်၊ ချောင်းကောက်နဲ့ သက္ကယ်ကျော်စတဲ့ ကျေးရွာတွေက ရေဘေးသင့်ပြည်သူ ၆၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) က ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။
“ စစ်တပ်ဘက်က လယ်သစ်အနောက်ကမ်းအထိ နေရာယူထားပြီး လယ်သစ်အရှေ့ကို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပါတယ်။ သူတို့ဘက်က ရှေ့ဆက်တိုးလာဖို့ရှိတယ်။ ပြည်သူတွေမှာ ရေဘေးသင့်နေချိန် စစ်ဘေးကြောင့် ထပ်ပြီးပြေးရတာပေါ့” လို့ ကိုမျိုးကြီးက ဆိုပါတယ်။
ရေဘေးအန္တရာယ်ကြုံတွေ့နေရချိန်မှာ ထွက်ပြေးကြရတာဖြစ်တာကြောင့် လှေတွေနဲ့ သွားလာနေကြရပြီး အချို့သောဒေသခံပြည်သူတွေအနေနဲ့ လှေမရှိတာကြောင့် အခက်အခဲတွေ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ပြေးတဲ့လူကများပြီး လှေကနည်းနေတော့ လှေမရှိသမားတွေက မိုးထဲရေထဲစောင့်နေကြရတာပေါ့။ ကျမတို့ဖြတ်လာတဲ့အချိန်တုန်းက မြစ်ကြောင်းဘေးမှာ စစ်သားတွေလည်း ရှိနေတော့ ရင်တမမပဲ” လို့ အနောက်သာရဖုံကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
လယ်သစ်ရွာကို စစ်ကြောင်းထိုးလျှက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မှာ လယ်သစ်အနောက်ရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး လယ်သစ်အရှေ့ရွာဘက်ကို လက်နက်ကြီးတွေပစ်ခတ်နေတယ်လို့ မြေပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီကသိရပါတယ်။
မနေ့က ဩဂုတ် ၂ ရက်၊ နေ့ခင်း ၃ နာရီဝန်းကျင်မှာ လယ်သစ်အနောက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကနေ လယ်သစ်အရှေ့ရွာကို ခြောက်လုံးတွဲ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး မီသတ်ရုံပြိုကျပျက်ဆီးခဲ့တယ်လို့ မြေပြင်ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက ပြောပါတယ်။
မိနစ်လေးဆယ်ဝန်းကျင်ကြာ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက လယ်သစ်အနောက်ရွာက နေအိမ်လေးဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပူးပေါင်းစစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေးက ဆိုပါတယ်။
“ကျနော်တို့ ရဲဘော်တွေရှိနိုင်မဲ့နေရာတွေကို လက်နက်ကြီးတွေပစ်တယ်။ ဒရုန်းတွေချတယ်။ ရဲဘော်တွေရဲ့ အိမ်လို့ သူတို့ယူဆတဲ့အိမ်တွေကိုလည်း မီးရှို့တယ်” လို့ စစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေး ကိုမျိုးကြီးက ပြောပါတယ်။
ကျွန်းစုမြို့နယ်က စစ်ကောင်စီစစ်ကြောင်းဟာ နယ်နမိတ်ထိစပ်ရာ လယ်သစ်ရွာကိုဦးတည်လို့ စစ်ကြောင်းထိုးနေတာဟာ နှစ်ပါတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲပေါင်း ၉ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ မြေပြင်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ပြောပြတဲ့ အချက်အလက်တွေအရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဇူလိုင်လ ၂၂၊ ၂၃၊ ၂၄ နဲ့ ၂၈ ရက်တွေမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာတွေကြောင့် စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း ထိခိုက် သေဆုံးခဲ့တယ်လို့လည်း မြေပြင်ရဲဘော်တွေက အတည်ပြုပြောဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ လယ်သစ်အနောက်ရွာကို စစ်ကောင်စီလေတပ်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
The Tanintharyi Times