ဂန့်ဂေါ်တောင်ရွာအုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် စစ်ကောင်စီ လုံခြုံရေးတင်းကျပ်
ဂန့်ဂေါ်တောင်ရွာအုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် စစ်ကောင်စီ လုံခြုံရေးတင်းကျပ်
ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာက အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂန့်ဂေါ်တောင်ရွာအုပ်ချုပ်ရေးမှူးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ညက ဒေါနတပ်ခွဲ-၆(ဝေဟင်တပ်ဖွဲ့)နဲ့ ဒေါနတပ်ခွဲ့-၇ တို့ပူးပေါင်းပြီး ပစ်သတ်ခဲ့တာလို့ ဝေဟင်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်အပြီး နောက်တစ်နေ့မနက်ကစလို့ ဒီကနေ့အထိ စစ်ကောင်စီတပ်သား ၅၀ ခန့်က ပုံဖျက်ပြီးသွားလာတာ၊ ကင်းပုန်းဝပ်တာနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေကို ဂန့်ဂေါ်တောင်ရွာအတွင်းလုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လမ်းသွားလမ်းလာတွေကို လျှပ်တပြက်စစ်ဆေးတာဖြစ်ပြီး စစ်တဲ့အချိန်မှာလည်း ဂန့်ဂေါ်တောင်ရွာအထဲပိုင်းနဲ့ ရွာအဝင် နှစ်နေရာမှာ ခွဲစစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
“လက်နက်မကိုင်ဘဲနဲ့ အရပ်ဝတ်နဲ့သွားနေတာက သုံးယောက်လောက်ရှိတယ်။ ခြောက်ယောက်စု ခုနှစ်ယောက်စုစုပြီး လမ်းမှာစစ်တာလည်းရှိတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဂန့်ဂေါ်တောင်ရွာနဲ့ ကျေးရွာချင်းဆက် ကံပေါက်ရွာမှာလည်း စစ်ကောင်စီတပ်ကားတွေနဲ့ ကင်းလှည့်ပတ်တာ၊ လမ်းဆုံတွေမှာ စုဖွဲ့ပြီး နေနေတာမျိုးတွေရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလို စစ်ဆေးတာတွေရှိနေတဲ့အတွက် ဒေသခံတွေကတော့ တစ်နေရာနဲ့တစ်နေရာ သတိထားသွားလာတာ၊ အရေးမကြီးရင် ဘယ်မှပဲမသွားဘဲ အိမ်မှာပဲ နေနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေအသတ်ခံရတဲ့အချိန်တိုင်း အခုလိုမျိုးလုံခြုံရေးတင်းကြပ်တာ၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ဆေးရင်း မသင်္ကာရင် မသင်္ကာသလို ဖမ်းဆီးတာ၊ ငွေညှစ်တာတွေလည်း လုပ်ဆောင်လေ့ရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
The Tanintharyi Times