စစ်ဒဏ်သင့် ကရင်နီကလေးငယ်တွေ စိတ်ဒဏ်ရာနဲ့ ရှင်သန်နေရ

စစ်ဒဏ်သင့် ကရင်နီကလေးငယ်တွေ စိတ်ဒဏ်ရာနဲ့ ရှင်သန်နေရ

• စစ်ကောင်စီရဲ့ ပြင်းထန်ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်က အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ စိတ်ရောကိုယ်ပါ ထိခိုက်မှုများစွာနဲ့ ရုန်းကန်နေကြရပါတယ်။

ဖေဖော်ဝါရီလက ကရင်နီပြည်ထဲမှာ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဆရာမလေး မိဆာ ဟာ ယနေ့အချိန်ထိ စိုးရိမ်ကြောက်ရွံ့မှုတွေကို သယ်ဆောင်နေထိုင်ရဆဲ ဖြစ်ပါတယ်။

အဲဒီနေ့က ကရင်နီပြည် အရှေ့တောင်ပိုင်း ဒီမောဆိုမြို့နယ် ဒေါစီအီရွာက စာသင်ကျောင်းတစ်ကျောင်းဟာ ပုံမှန်ကျောင်းဖွင့်ရက်အတိုင်း လည်ပတ်နေခဲ့ပါတယ်။

နံနက်ခင်း ကျောင်းတက်ခေါင်းလောင်းမထိုးခင်မှာ ကျောင်းသားတချို့ ဘောလုံးကန်နေခဲ့ကြသလို တချို့ကလည်း အဆာပြေမုန့်ပဲသရေစာတွေ စားလို့ ကျောင်းဝန်းတစ်ခုလုံး ကျောင်းသားကျောင်းသူတွေ တက်ကြွမှုတွေ ပြည့်နေခဲ့ပါတယ်။

အဲဒီနောက် အပတ်စဥ် ပြုလုပ်နေကျ ဆရာ-ကျောင်းသား စုံညီစုဝေးခြင်းကို ပြုလုပ်ခဲ့ကြပြီး ကျောင်းသား ၁၇၀ ဟာ ဆရာတွေရဲ့ ဆုံးမသြဝါဒကို နား‌ထောင်ကြပါတယ်။ အဲဒီ့အချိန်မှာ သူတို့အားလုံး သတိမထားမိတဲ့ စစ်ဘက်သုံး ဒရုန်းတစ်စီးဟာ သူတို့အစုအဝေးလုပ်ရာ ကွင်းပြင်ထက်မှာ ဝေ့ဝိုက်ပျံသန်းနေတာကို ဘယ်သူမှ အထူးတလည် သတိမပြုမိခဲ့ပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု ဖြစ်ပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက် ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ ဒီရွာကလေးမှာ ရှိခဲ့ပါတယ်။ အရပ်သားပြည်သူလူထုကို စစ်ကောင်စီတပ်တွေက ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တဲ့ နေရာတွေထဲမှာ ကရင်နီပြည်လည်း ပါဝင်ပါတယ်။

ဒေါစီအီရွာကလေးဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား အဓိက ပဋိပက္ခဖြစ်ပွားရာ နေရာနဲ့ ၁၇ မိုင် ဝန်းကျင် ဝေးကွာနေတာကြောင့် ဒီရွာမှာတော့ ကလေးတွေအတွက် ဘေးကင်းနိုင်လောက်တယ်လို့ သူမတွေးခဲ့ပါတယ်။

အခင်းဖြစ်ပွားမယ့် နေ့မှာ ပုံမှန်အတိုင်း စုံညီစည်းဝေးလုပ်အပြီး နံနက်ခင်း အတန်းချိန်တွေ စကြပါတယ်။ မနက်ခင်း အတန်းတစ်ခု ပြီးတော့ နောက်တစ်ခန်းကို မဝင်မီမှာ ဆရာမလေး မိဆာ က သူမရဲ့ ၁၁ လသားအရွယ် သားငယ်နဲ့အတူ ကျောင်းအဆောက်အဦးအပြင်ကို ထွက်လိုက်စဥ်မှာပဲ တိုက်လေယာဥ်တစ်စင်းက ဝေါခနဲ ရောက်ရှိလာပါတယ်။ အခြား ကျောင်းဆရာတစ်ဦးက သူမကို အချိန်မီ အတွင်းဘက်ကို ဆွဲသွင်းလိုက်တဲ့ ခဏမှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ သူမတို့ ကျောင်းအဆောက်အဦးက ပြိုကျသွားပါတယ်။

ပတ်ပတ်လည်မှာ အဆောက်အဦးက အပျက်အစီးတွေ ပြန့်ကျဲနေတာ တွေ့လိုက်ရပြီးနောက် သူမ သတိလစ်သွားပါတော့တယ်။

သူမသတိပြန်လည်လာတဲ့အခါ ကတုတ်ကျင်းထဲမှာ ကျောင်းသားတစ်ဦးလဲလျောင်းနေပြီး ဦးခေါင်းမှာ သွေးတွေ စီးကျနေတာကို မြင်လိုက်ရပါတယ်။ သူ့ဘေးမှာတော့ ဆရာတစ်ယောက်က အခြားသတိလစ်နေတဲ့ ကျောင်းသားတစ်ဦးကို ထွေးပွေ့ထားပါတယ်။

ဒီဖြစ်စဥ်ကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကျောင်းသား (ယောကျာ်းလေး) ၄ ဦး သေဆုံးခဲ့ပြီး ကျောင်းသား ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ မိဆာဟာ ကျောင်းသားကလေးတွေကို လုံလောက်တဲ့ ကာကွယ်ပေးမှုမျိုး မတတ်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရပါတယ်။

“ကျောင်းသားတွေကို အကာအကွယ်ပေးဖို့ ဆရာမတစ်ယောက်အနေနဲ့ မတတ်နိုင်ခဲ့ဘူး” လို့ မိဆာက Al Jazeera ကို ဒီဖြစ်စဥ်အပြီး တစ်လအကြာမှာ ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်ခံရမှု ဖြစ်ပြီးကတည်းက သူမဟာ ကျောင်းခန်းထဲမှာ ကျန်ရှိနေတဲ့ သူမပိုင် ပစ္စည်းပစ္စယာတွေကို သွားယူဖို့ အင်အားမရှိတော့သလို အကြောက်တရားက အမြဲတမ်း ကြီးစိုးနေပြီး ညဘက်တွေမှာလည်း အိပ်ပျော်ဖို့ ခက်ခဲလာခဲ့ပါတယ်။

“ညညဆို ကျွန်မမျက်လုံးတွေ ကျယ်လာပြီ။ နားတွေကလည်း တိုက်လေယာဥ်တွေ၊ ဒရုန်းတွေရဲ့ အသံကို နားစွင့်နေမိပြီ။ အမိုးပေါ် ကြောင်ခုန်ချတာကိုတောင် ရင်ထိတ်နေရတယ်” လို့ မိဆာက ပြောပါတယ်။

ကရင်နီပြည်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး တစ်လကျော်အကြာ ဖေဖော်ဝါရီလနဲ့ မတ်လအစောပိုင်းတို့မှာ Al Jazeera က ဆရာမ မိဆာနဲ့အတူ အခြား အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ လုံခြုံရေးအရ သူတို့ကို အမည်လွှဲတွေ အသုံးပြုပြီး ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

• ရှည်လျားထွေပြားတဲ့ မလုံခြုံမှုတွေနဲ့ ခရီးကြမ်း (Prolonged Insecurity)

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲ ဖြစ်နေဆဲ ၃ နှစ်တာ ကာလမှာ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ၊ မီးရှို့သတ်ဖြတ်မှုတွေနဲ့ အခြားရက်စက်မှု ပေါင်းစုံ ကျူးလွန်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေက ပြောကြားထားပါတယ်။

ကရင်နီပြည်ရဲ့ ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စစ်ကောင်စီကို တော်လှန်ရေးအင်အားစုတွေဘက်က တန်ပြန်ထိုးစစ်ဆင်လာနိုင်ချိန်ကစလို့ သိသိသာသာ ပြင်းထန်လာပါတယ်။

အခုနှစ် မေလအစောပိုင်းက မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃ သန်းကျော် ရှိနေပြီး သုံးပုံတစ်ပုံက ကရင်နီပြည်က ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက အခြေအနေတွေဟာ တိုင်းသူပြည်သားတွေအပေါ် “မခံမရပ်နိုင်တဲ့ ဆင်းရဲဒုက္ခနဲ့ အစွမ်းကုန် ရက်စက်ကြမ်းကြုတ်မှုတွေ” ပေးနေတဲ့ ဘယ်မှာအဆုံးသတ်မလဲ၊ ဘယ်တော့အဆုံးသတ်မလဲ မသိနိုင်တဲ့ အိပ်မက်ဆိုးကြီး တစ်ခုဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မတ်လမှာ ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးကတည်းက အမျိုးသမီး ၆၅၉ ဦးနဲ့ ကလေးငယ် ၄၉၀ အပါအဝင် အရပ်သားသေဆုံးမှု ၄,၆၀၀ ကျော်ရှိခဲ့ပြီး ဒီအတွက် စစ်တပ်မှာ အပြည့်အဝ တာဝန်ရှိပါတယ်။

ဒေါစီအီကျေးရွာရှိ စာသင်ကျောင်း တိုက်ခိုက်ခံရမှုဟာ စစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ရက်တည်းမှာပဲ အနီးနားက လွိုင်နန်းဖားကျေးရွာရဲ့ စာသင်ကျောင်းတစ်ကျောင်းကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းနဲ့ကပ်ရပ် နေအိမ်က ဆန်စက်ပိုင်ရှင်တစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီကျောင်းနှစ်ကျောင်းလုံးဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရင်း CDM လုပ်ထားတဲ့ ကျောင်းဆရာတွေ အပါအဝင် ရပ်ရွာစေတနာ့ဝန်ထမ်းတွေ ဦး‌ဆောင်မှုအောက်မှာ လည်ပတ်နေတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်မှုအာဏာကို လက်မခံသူတွေ အခုလို ရက်ရက်စက်စက် ဖြိုခွင်းတဲ့အထဲမှာ အခြားပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေတင်မကဘဲ စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း စစ်ကိုင်းတိုင်းအတွင်းက စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဥ်အပြီး တစ်လအကြာမှာလည်း မကွေးတိုင်းက စေတနာ့ဝန်ထမ်းကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ရက်ရက်စက်စက် ခေါင်းဖြတ်ခဲ့ပြီး ကျောင်းတံခါးဝမှာ ဦးခေါင်းခွံကို ချိတ်ဆွဲထားခဲ့ပါတယ်။

အချိန်အတော်ကြာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေအောက်မှာ နေထိုင်နေရတဲ့ ပြည်သူတစ်ဦးချင်းစီသာမက မိသားစုတွေ၊ လူမှုအသိုက်အဝန်းတွေရဲ့ ကိုယ်၊ စိတ် နှစ်ပါးကျန်းမာရေးဟာ ထိခိုက်ပျက်စီးဖို့ အလားအလာအလွန်များတယ်လို့ Loyola University Maryland ရဲ့ “စိတ်ဒဏ်ရာ၊ ပူဆွေးသောကတွေနဲ့ ထိခိုက်ဆုံးရှုံးမှု” အထူးပြု စိတ်ကျန်းမာရေး ဆေးဘက်ဆိုင်ရာပါမောက္ခ Nouf Bazaz က သတိပေးထားပါတယ်။

“ပဋိပက္ခတွေ ပိုကြာလေလေ၊ ထိခိုက်မှုတွေကို ကုစားဖို့ မရှိမဖြစ်လိုအပ်တဲ့ လူမှုဆက်ဆံရေးနဲ့ လူ့အဖွဲ့အစည်း ပျက်ပြားလာလေလေ ပါပဲ။ အထူးသဖြင့် ကလေးသူငယ်တွေပေါ့။ သူတို့ရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ ရရှိခံစားရတဲ့ စိတ်ဒဏ်ရာတွေဟာ သူတို့ရဲ့ အာရုံကြောစနစ် ဖွဲ့စည်းပုံတွေကို ပြောင်းလဲပစ်နိုင်သလို ကမ္ဘာကြီးနဲ့ ချိတ်ဆက်တဲ့ပုံစံတွေအပေါ်မှာပါ သက်ရောက်စေနိုင်တယ်” လို့ သူမက ဆိုပါတယ်။

အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) အောက်က အဝေးရောက် (သို့မဟုတ်) အွန်လိုင်း စိတ်ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်အတွက် အဖွဲ့ခေါင်းဆောင် စိတ်ကျန်းမာရေးဆရာဝန် မိုနီကာ Monica က “မြန်မာမှာလက်ရှိ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် အခြေအနေတွေရဲ့ အကျိုးသက်ရောက်မှုတွေ လျော့ပါးသက်သာဖို့ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေဟာ အလွန်အရေးပါပါတယ်။ ဒါပေမဲ့ ဒီဝန်ဆောင်မှုကို ကရင်နီပြည်မှာတော့ အကန့်အသတ်နဲ့သာ ပေးနိုင်သေးတယ်” လို့ ဆိုပါတယ်။

သူမတို့ အဖွဲ့အစည်းအနေနဲ့ ဒေသခံဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို စိတ်ကျန်းမာရေးဆိုင်ရာ ကုစားမှုပေးနိုင်ရေး အတွက်ပါ လေ့ကျင့်သင်ကြားပေးဖို့ လုပ်ဆောင်နေပေမဲ့ ကရင်နီပြည်လို ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေမှာ အွန်လိုင်း စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးဖို့ အင်မတန် ခက်ခဲတယ်လို့ ပြောပါတယ်။

“မြန်မာစစ်တပ်က အင်တာနက်ပိတ်ထားတာကြောင့် ကရင်နီပြည်က အခြေခံလူတန်းစားတွေအတွက် တယ်လီဖုန်းက တဆင့် ကျန်းမာရေးဝန်ဆောင်မှုတွေကို ရယူဖို့ ခက်ခဲသွားတယ်” လို့ မိုနီကာ က ဆိုပါတယ်။

• “ငါ့စိတ်ထဲမှာ ရှင်သန်နေတုန်းပဲ”

ဒေါစီအီရွာမှာ အခုလို ပူဆွေးသောကတွေ ကြုံတွေ့နေရတာ မိဆာတစ်ဦးတည်း မဟုတ်ပါဘူး။

လေကြောင်းတိုက်ခိုက်မှု အပြီး ရက်သတ္တပတ်အကြာမှာ သူမရဲ့ ခုနှစ်နှစ်အရွယ်သမီးလေးဟာ အိပ်ပျော်ရင်း လမ်းလျှောက်နေတတ်သလို အခုအချိန်မှာ အသက် တစ်နှစ်ကျော် ဖြစ်လာတဲ့ သားဖြစ်သူဟာလည်း ညဘက်တွေမှာ လန့်အော်တတ်တာကြောင့် သူမအနေနဲ့ အမြဲတမ်းဖက်ထားပေးရပါတယ်။

ဒါတင်မကသေးပါဘူး။ အခုဆိုရင် ရွာက က‌လေးငယ်တွေဟာ ကားအင်ဂျင်သံကြားရင်တောင် ထိတ်လန့်နေကြပြီး ကျောင်းပြန်တက်ကြသူလည်း အလွန်နည်းပါတယ်။ ရွာကလေးရဲ့ လူမှုအသိုက်အဝန်းတွေ အရင်လို ပြန်မဖြစ်တော့မှာ မိဆာ အလွန်စိုးရိမ်နေပါတယ်။

“အခုဆို ပျော်ရွှင်မှုဆိုတာ လုံးဝမမြင်ရတော့ဘူး။ ကလေးတွေ မျက်နှာမှာဆို အရင်ကလို အပြုံးတောင်မရှိတော့ဘူး။ ဘယ်သူမှ တက်ကြွမနေတော့ဘူး။ ကလေးတွေ သူတို့အရင်က ရခဲ့တဲ့ ဘဝမျိုး ပြန်မရနိုင်တော့ဘူး” လို့ မိဆာက ညည်းညူပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်ပြည့်ဖို့ နှစ်ပတ်သာလိုတော့တဲ့ သားဖြစ်သူ သေဆုံးသွားတဲ့အပေါ် မိခင်ဖြစ်သူ မိထူးထွယ်ကလည်း မျက်ရည်တွေနဲ့ အခုလို ရင်ဖွင့်ပါတယ်။

“ကျွန်မသားလေးက ကျွန်မစိတ်ထဲတော့ အမြဲတမ်း ရှင်သန်နေတုန်းပဲ…”

သားဖြစ်သူကို သတ်ခဲ့တဲ့ အဆိုပါ တိုက်ခိုက်မှုဟာ မိထူးထွယ်ကို နေ့စဥ်နဲ့အမျှ နာရီတိုင်း ခြောက်လှန့်နေခဲ့ပြီး အမြဲတမ်း စိုးရိမ်သောက ရောက်စေပါတော့တယ်။

“တိုက်လေယာဉ်တစ်စင်း ပျံတဲ့အသံ ကြားလိုက်တိုင်း ကျွန်မခန္ဓာကိုယ်က ကြောက်ရွံ့တုန်လှုပ်နေပြီး ခန္တာကိုယ်တစ်ခုလုံး သွေးမရှိတော့သလို ခံစားရတယ်” လို့ သူမက ဆိုပါတယ်။

ဆက်လက်ပြီး သူမမှာ ကျန်ရှိနေသေးတဲ့ ကလေး သုံးဦးကလည်း အိမ်ပြင်မထွက်ဝံ့တော့သလို အရင်က သူတို့ သဘောကျ နှစ်ခြိုက်ဖူးတဲ့ ဘုရားကျောင်းက ဂီတသံကိုတောင် အရင်ကလို နားမဆင်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။ သူမရဲ့ ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးဟာလည်း ညစဥ်အိပ်ပျော်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်လို့ ပြောပါတယ်။

“ကျန်ရှိနေသေးတဲ့ ကလေးသုံးဦးကို ဂရုစိုက်ရမယ်။ သူတို့ ပညာသင်ပြီး မိသားစု၊ ရပ်ရွာနဲ့ နိုင်ငံအတွက် တာဝန်ထမ်းပေးဖို့ ကျွန်မ ပြုစုစောင့်‌ရှောက်ရမယ်” လို့ နာကျင်မှုကို ထိန်းချုပ်ရင်း ကလေးတွေအတွက် ဆက်လက်ရုန်းကန်နေမယ်လို့ သူမက ဆိုပါတယ်။

• ‘ကြောက်ရွံ့ထိတ်လန့်ရသော”

ပဋိပက္ခတွေကြောင့် ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာတွေ အရွယ်ရောက်တဲ့အထိ အမြစ်တွယ်ကျန်ရစ်မှာကို စိုးရိမ်ကြောင်း စိတ်ကျန်းမာရေး ဆရာဝန် မိုနီကာကပြောပါတယ်။

“သူတို့ရဲ့ စိတ်ဒဏ်ရာတွေက နောက်ပိုင်းမှာ လူမှုအသိုက်အဝန်းတစ်ခုလုံးအပေါ် အလွန်ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေမယ်” လို့ သူမက ဆိုပါတယ်။

ရှားတောမြို့နယ် ဒေါစီအီကျေးရွာရဲ့ အရှေ့ဘက် ၃၁ မိုင် ခန့်က ဒေသခံတွေဟာလည်း အလားတူး စိတ်ဒဏ်ရာတွေ ရရှိနေကြပါတယ်။

အဆိုပါ ဒေသမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ပြီး စစ်ကောင်စီနဲ့ ကရင်နီ တော်လှန်ရေး တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်လာပါတယ်။ စစ်ကောင်စီက ခံစစ်ကို ပိုအားထားလာပြီး ဒေါစီအီနဲ့ လွိုင်နန်းဖားကျေးရွာတွေကို မတိုက်ခိုက်မီ တစ်ရက်အလိုမှာ စစ်ရဟတ်ယာဉ်တစ်စင်း ရှားတောမြို့နယ်ကို ဆိုက်ရောက်လာပြီး စစ်သား ၆၀ ခန့် အင်အားဖြည့်တင်းခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ မီဒီယာတွေက ဖော်ပြထားပါတယ်။

စပါးခင်းထဲမှာ ခင်ပွန်းသည်၊ ကလေးနှစ်ဦးတို့နဲ့ အတူရောက်ရှိနေတဲ့ အသက် ၄၅ နှစ်အရွယ် နော်ကော်လေး ဟာ အဆိုပါ ရဟတ်ယာဉ်ကို မီတာ ၂၀၀ (၂၁၉ ကိုက်) အကွာကနေမြင်တွေ့ခဲ့ပါတယ်။

“ငါတော့ သေပြီလို့ပဲ တွေးလိုက်တာ။ အဲ့အချိန်မှာ လုံးဝကို ကြောက်ရွံ့ထိတ်လန့်နေခဲ့တာ” လို့ ကျောက်တောင်စောင်းမှာ မိသားစုနဲ့အတူ နောက်ထပ်ငါးနာရီကြာ ပုန်းအောင်းနေခဲ့ရတဲ့ နော်ကော်လေးက ပြောပါတယ်။

အဲဒီနေ့ ညနေက သူတို့ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူတို့နေအိမ်ကို စစ်ကောင်စီတပ်သားတွေက ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားတာ တွေ့ရပါတယ်။ နောက်တစ်နေ့မှာတော့ ပိုဆိုးတဲ့ သတင်းတစ်ခု ရောက်လာပါတယ်။ ရွာက အမျိုးသမီး သုံးဦးရဲ့ အလောင်းတွေကို တော်လှန်ရေးအင်အားစုတွေက တွေ့ရှိခဲ့ရာ တစ်ဦးမှာ ကိုယ်ဝန်ရှိအမျိုးသမီး ဖြစ်နေသလို ကျန်နှစ်ဦးမှာ မသန်စွမ်း အမျိုးသမီးတွေ ဖြစ်နေပါတယ်။ သူတို့ သုံးဦးနဲ့ အတူ အသက် ၃ နှစ်၊ ၅ နှစ် နဲ့ ၇ နှစ် အရွယ် ကလေးငယ် သုံးဦးရဲ့ အလောင်းတွေကိုပါ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေပြောကြားချက်အရ သူတို့အားလုံဟာ အနီးအနားက လယ်ကွင်းတွေထဲမှာ ပုံးအောင်းနေကြစဥ် သူတို့ကို ပြန်ပေးဆွဲလာခဲ့တာလို့ သိရပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့က အဆိုပါ သတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်က ကျူးလွန်ခြင်း ဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

အဆိုပါ ဖြစ်စဥ် ဖြစ်ပွားပြီးနောက် နော်ကော်လေးအပါအဝင် အမျိုးသမီးနဲ့ ကလေးအများစု ပါဝင်တဲ့ ဒေသခံတွေဟာ မိမိတို့ နေအိမ်တွေမှာ မနေရဲကြတော့ဘဲ အနီးအနားက တောထဲမှာ ဝါးတဲထိုးလို့ တာပေါ်လင်အစတွေမိုးထားတဲ့ ယာယီစခန်းတွေမှာ လာရောက်တိမ်းရှောင် နေရပါတယ်။

နှစ်ပတ်အကြာအထိ သူမဟာ ကောင်းစွာ အိပ်မပျော်နိုင်သလို ကြောက်ရွံ့ထိတ်လန့်မှုတွေခံစားနေရဆဲ ဖြစ်ပါတယ်။

“စိတ်နဲ့ကိုယ်နဲ့ လုံးဝမကပ်သလို ဖြစ်နေတယ်။ ဘာကိုမှ အာရုံမစိုက်နိုင်ဘူး” လို့ နော်ကော်လေးက ဆိုပါတယ်။

(AL JAZEERA မှာ ဖော်ပြထားတဲ့ Esther J နဲ့ Emily Fishbein တို့ ရေးသားထားတဲ့ “Scarred by war, Myanmar children ‘cannot have the life they used to have” ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။)

(ယခုဘာသာပြန်ဆောင်းပါးကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times