“ဒီတိုင်းဆက်သွားနေရင် မြို့က အမှိုက်ပုံကြီးဖြစ်ဖို့ပဲ ကျန်ပြီ”
“ဒီတိုင်းဆက်သွားနေရင် မြို့က အမှိုက်ပုံကြီးဖြစ်ဖို့ပဲ ကျန်ပြီ”

ကိုယ်ထူကိုယ်ထလည်ပတ်နေရတဲ့ မြိတ်မြို့ရဲ့ အမှိုက်သိမ်းစနစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်နှစ်ထက်တစ်နှစ် အခြေအနေ ပိုဆိုးလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အမှိုက်သိမ်းခတွေ အရင်ကထက် သုံးလေးဆ ပိုပေးလာရပေမဲ့ အမှိုက်ကားကတော့ ရပ်ကွက်ပေါ်မှာမူတည်ပြီး တစ်လတစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲလာတော့တယ်လို့ သိရပါတယ်။ အမှိုက်ကားတွေမလာတော့လို့ လမ်းနံဘေးတွေနဲ့ ချောင်းတွေ၊ မြောင်းတွေထဲမှာ အမှိုက်တွေပြည့်လာနေပါတယ်။ ဒီလိုမျိုး အမှိုက်တွေများလာတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြို့ခံတွေဘာတွေပြောနေကြလဲ။ ဒီတစ်ပတ်တောင်ပိုင်းသားတို့အသံအစီအစဥ်ကနေ မေးမြန်းဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မြိတ်မြို့၊ ပလောက်စုရပ်ကွက်နေ အမျိုးသား
မေး – ကိုယ်နေတဲ့ ရပ်ကွက်မှာ အမှိုက်သိမ်းစနစ်က ဘယ်လိုရှိနေလဲ။
ဖြေ – ကျနော်တို့ရပ်ကွက်မှာက ရပ်ကွက်က ငှားထားပေးတဲ့ အမှိုက်ကားနဲ့ တစ်လကို နှစ်ကြိမ်လောက် လာသိမ်းပေးနေသေးတယ်ဗျ။ တချို့ရပ်ကွက်တွေမှာတော့ တစ်ပတ်ကို တစ်ကြိမ်လာတဲ့ရပ်ကွက်လည်းရှိတယ်။ တစ်လလောက်ကြာမှ တစ်ခါလာတာတွေလည်းရှိတယ်။
မေး – အာဏာမသိမ်းခင်ကဆိုရင် အမှိုက်သိမ်းယာဥ်က ပုံမှန်လာလေ့ရှိတယ်။ အခုက တစ်လမှာတစ်ကြိမ်လာဖို့တောင်ခက်ခဲလာတယ်။ ဒီလိုမျိုး အမှိုက်သိမ်းစနစ်ပျက်စီး လာတာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုညစ်ညမ်းမှုတွေ ဖြစ်လာလဲ။
ဖြေ – အဓိကကတော့ အမှိုက်သိမ်းယာဥ်မလာတော့ လူတွေက နီးတဲ့ ချောင်း၊ မြောင်းတွေမှာ သွားပစ်တာ များလာတယ်။ တချို့ဆို လမ်းဘေး ပလပ်ဖောင်းတွေမှာ ဒီတိုင်းအမှိုက်ထုပ်ကြီးတွေ လာပုံထားကြတယ်။ မြောင်းတွေထဲပစ်ချတော့ ကြာတော့ မြောင်းတွေပိတ်လာတယ်။ မြောင်းရေလျှံတာတွေ၊ အနံ့အသက်မကောင်းတာတွေ အကုန်ဖြစ်နေပါတယ်။
မေး – အမှိုက်သိမ်းခက ပိုတိုးလာပြီး လစဥ်ပုံမှန်လည်းလာကောက်နေတယ်လို့ သိရတယ်။ အမှိုက်သိမ်းယာဥ်တွေလာတာက အရင်ကထက် နည်းလာတဲ့အေပါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ – ဟုတ်တယ်ဗျ။ အမှိုက်သိမ်းခတော့ ရပ်ကွက်က လတိုင်းပုံမှန်လာကောက်တယ်။ အမှိုက်သိမ်းဖို့ကြတော့ ဆယ်ရက်လောက်ကျော်တာတောင် မလာလို့ လာဖို့ ဆုတောင်းနေရတာက တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ အခုဆို အမှိုက်ကြေးလာကောက်ရင် ပေးချင်စိတ်မရှိဘူး။
မေး – အမှိုက်သိမ်းစနစ်ပြန်ပြီး လည်ပတ်နိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရနိုင်မယ်ထင်လဲ။ လက်ရှိကာလမှာ ဘယ်သူ့တွေမှာ တာဝန်ရှိတယ်လို့ ထင်လဲ။
ဖြေ – ဖြေရှင်းဖို့နည်းလမ်းကတော့ စည်ပင်နဲ့ ရပ်ကွက်အလိုက် သက်ဆိုင်ရာလူကြီးတွေ ကိုယ့်အသိနဲ့ ကိုယ် ခေါင်းမရှောင်ဘဲ ထိထိရောက်ရောက် ဖြေရှင်းပေးသင့်ပြီထင်တာပဲ။ အဲ့လိုမှမဟုတ်ရင်လည်း စည်ပင်ကို အရေးယူပေးသင့်နေပြီ။
မေး – အရင်ကတော့ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထအမှိုက်သိမ်းစနစ်နဲ့ လည်ပတ်ဖို့ စည်ပင်က ခွင့်ပြုပေးထားခဲ့တယ်။ ဒါပေမဲ့ကိုယ်ထူကိုယ်ထအမှိုက်စနစ်နဲ့ဆက်သွားလို့ အဆင်ပြေမယ်ထင်လား။ ဒါနဲ့ပတ်သက်လို့ မြို့နယ်စည်ပင်မှာ ဘယ်လိုတာဝန်ရှိတယ်လို့ထင်လဲ။
ဖြေ – ဒီနည်းလမ်းက လုံးဝကိုဆက်သွားဖို့ မသင့်တော်တော့ဘူးလို့မြင်တယ်။ ဒီနည်းလမ်းအတိုင်းဆက်သွားနေရင် စည်ပင်ကလည်း နေချင်သလိုနေ၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကလည်း လုပ်ချင်သလိုလုပ်၊ ဘယ်သူ့ကို တိုင်လို့တိုင်ရမှန်းလည်း မသိဖြစ်နေမှာ။ ဒီတိုင်းဆက်သွားနေရင် မြို့က အမှိုက်ပုံကြီးဖြစ်ဖို့ပဲ ကျန်ပြီ။ ဒါကို မြို့နယ်စည်ပင်အနေနဲ့ ကိုယ့်အကျိုးပဲ ကိုယ်မကြည့်နေဘဲ မြို့နေပြည်သူတွေဘက်ကိုလည်း နည်းနည်းပါးပါးကြည့်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုချင်တယ်။
မေး – တခြားပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ – စည်ပင်အနေနဲ့ ဒီ အမှိုက်ကိစ္စကို မဖြေရှင်းပေးရင် မြို့က အမှိုက်ပုံကြီးဖြစ်လာတော့မှာပဲ။ ကျနော်တို့မြို့သူမြို့သားတွေ အမှိုက်တွေကြားထဲ သွားလာရတော့မဲ့ အဖြစ်ကိုရောက်တော့မှာပါ။
မြိတ်မြို့၊ ထားဝယ်ကမ်းရပ်ကွက်နေ အမျိုးသား
မေး – ကိုယ်နေတဲ့ ရပ်ကွက်မှာ အမှိုက်သိမ်းစနစ်က ဘယ်လိုရှိနေလဲ။
ဖြေ – လက်ရှိမြိတ်မြို့မှာ အမှိုက်သိမ်းစနစ်က လည်ပတ်မှုအားနည်းတယ်လို့ပြောရပါမယ်။
မေး – အာဏာမသိမ်းခင်ကဆိုရင် အမှိုက်သိမ်းယာဥ်က ပုံမှန်လာလေ့ရှိတယ်။ အခုက တစ်လမှာတစ်ကြိမ်လာဖို့တောင်ခက်ခဲလာတယ်။ ဒီလိုမျိုး အမှိုက်သိမ်းစနစ်ပျက်စီး လာတာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုညစ်ညမ်းမှုတွေ ဖြစ်လာလဲ။
ဖြေ – အာဏာမသိမ်းမှီ အမှိုက်စနစ်ကတော်တော်အဆင်ပြေပါတယ်။ တစ်ခါတစ်လေ ကားလာတာများလို့ အမှိုက်ပစ်စရာတောင်မရှိဖြစ်ရတယ်။ အမှိုက်သိမ်းစနစ်ပျက်လာတော့ အမှိုက်တွေစုပြီး အိမ်ရှေ့ဘက် အိမ်ဘေးဘက်တွေမှာ ထားရတယ်။ ထားရကြာတော့အနံ့တွေထွက်တာ ခွေးတွေကဆွဲတာနဲ့ တော်တော်ညစ်ပတ်ပါတယ်။ လမ်းမတန်းဘက်တွေမှာ ပိုဆိုးပါတယ်။
မေး – အမှိုက်သိမ်းခက ပိုတိုးလာပြီး လစဥ်ပုံမှန်လည်းလာကောက်နေတယ်လို့ သိရတယ်။ အမှိုက်သိမ်းယာဥ်တွေလာတာက အရင်ကထက် နည်းလာတဲ့အေပါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ – အမှိုက်သိမ်းခ တိုးကောက်လာတယ်။ ဆီစျေးတက်မှုကြောင့်လို့ပြောတယ်။ မြို့ခံတွေက ပိုက်ဆံတိုးကောက်ပြီး အချိန်မှန်မှန်လာစေချင်ပါတယ်။ ဘယ်လိုအမြင်ရှိလဲဆိုတော့ ဒါက ဒီလိုပဲဆက်သွားနေမယ်တော့မယ်လို့ မြင်မိတယ်။
မေး – အမှိုက်သိမ်းစနစ်ပြန်ပြီး လည်ပတ်နိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရနိုင်မယ်ထင်လဲ။ လက်ရှိကာလမှာ ဘယ်သူ့တွေမှာ တာဝန်ရှိတယ်လို့ ထင်လဲ။
ဖြေ – အမှိုက်သိမ်းစနစ်ပြန်လည်ပတ်ဖို့ အဓိကကတော့ အမှိုက်သိမ်းယာဉ်တွေ လိုအပ်တယ်လို့မြင်ပါတယ်။ လက်ရှိကာလမှာ အမှိုက်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက တာဝန်ယူမှုသိပ်မရှိဘူးဖြစ်နေတယ်။ ဘယ်ကိုမှ လိုက်တိုင်လို့ကလည်း အဆင်မပြေဘူးလေ။
မေး – အရင်ကတော့ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထအမှိုက်သိမ်းစနစ်နဲ့ လည်ပတ်ဖို့ စည်ပင်က ခွင့်ပြုပေးထားခဲ့တယ်။ ဒါပေမဲ့ကိုယ်ထူကိုယ်ထအမှိုက်စနစ်နဲ့ဆက်သွားလို့ အဆင်ပြေမယ်ထင်လား။ ဒါနဲ့ပတ်သက်လို့ မြို့နယ်စည်ပင်မှာ ဘယ်လိုတာဝန်ရှိတယ်လို့ထင်လဲ။
ဖြေ – မြို့နယ်စည်ပင်အဖွဲ့က မလုပ်တော့ ကိုယ်ထူကိုယ်ထ လုပ်ကြတာပါ။ ကိုယ်ထူကိုယ်ထ စနစ်ကို အဆင်မပြေလည်း ပြေသလိုလုပ်နေရပါတယ်။ မြို့နယ်စည်ပင်က ဟန်ပြသက်သက်ပဲလုပ်ပြတာပါ။ ဘာမှတာဝန်ယူပြီးလုပ်တာမျိုးမရှိပါဘူး။
မေး – တခြားပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ – ဖြည့်ပြောရမယ်ဆိုရင် တံတားဦးချောင်း၊ ထားဝယ်ကမ်းချောင်း ထဲတွေမှာ နှုန်းတင်ကျန်မှုတွေများပြီး ရေစီးဆင်းမှုတွေနည်းနေပါတယ်။ ပုံမှန်ဆိုရင် လာရောက်ရှင်းလင်းမှုတွေလုပ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မလုပ်တာကြာနေပြီဖြစ်ပါတယ်။ ဒါတွေလည်း စည်ပင်က တာဝန်ယူ လုပ်ပေးစေချင်ပါတယ်။
မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်နေ အမျိုးသမီး
မေး – ကိုယ်နေတဲ့ ရပ်ကွက်မှာ အမှိုက်သိမ်းစနစ်က ဘယ်လိုရှိနေလဲ။
ဖြေ – ကိုယ့်ရပ်ကွက်အလိုက်ရှိတဲ့ အမှိုက်ကားတွေနဲ့ အမှိုက်သိမ်းပေးတာပါ။
မေး – အာဏာမသိမ်းခင်ကဆိုရင် အမှိုက်သိမ်းယာဥ်က ပုံမှန်လာလေ့ရှိတယ်။ အခုက တစ်လမှာတစ်ကြိမ်လာဖို့တောင်ခက်ခဲလာတယ်။ ဒီလိုမျိုး အမှိုက်သိမ်းစနစ်ပျက်စီး လာတာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုညစ်ညမ်းမှုတွေ ဖြစ်လာလဲ။
ဖြေ – အမှိုက်ကားက မလာနိုင်တော့ လူတွေက အနီးနား ချောင်းတွေ၊ မြောင်းတွေမှာ စွန့်ပစ်တာမျိုးကို ယာယီဖြေရှင်းလိုက်တာမို့ ပတ်ဝန်းကျင်ညစ်ညမ်းစေပီး အနံအသက်တွေလည်း ဆိုးဝါးနေပါတယ်။ တချို့ကျတော့လည်း အမှိုက်တွေပုံလာတော့ မီးပုံရှို့ပြီး ဖြေရှင်းလိုက်တာလည်းရှိပေမဲ့ စားကြွင်းစားကျန်တွေကိုတော့ မြောင်းတွေ၊ချောင်းတွေမှာပဲ့စွန့်ပစ်လိုက်တယ်။ တကယ်စဥ်းစားကြည့်ရင် အမှိုက်ကားကလည်း မလာတော့ အဲ့လိုလုပ်ရုံအပြင် တခြားနည်းလမ်းလည်း မရှိတဲ့အခြေအနေပဲ။
မေး – အမှိုက်သိမ်းခက ပိုတိုးလာပြီး လစဥ်ပုံမှန်လည်းလာကောက်နေတယ်လို့ သိရတယ်။ အမှိုက်သိမ်းယာဥ်တွေလာတာက အရင်ကထက် နည်းလာတဲ့အေပါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ – အမှိုက်သိမ်းခကိုလည်း ထည့်သွင်းနေရက်နဲ့ အခုလိုမျိုးရက်အတော်ကြာမှ လာတာမျိုးက အဆင်မပြေနေပါဘူး။ တာဝန်ယူပြီး အမှိုက်သိမ်းခ ကောက်တာကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ။ သူတို့မှာတာဝန်ရှိတာပေါ့။
မေး – အမှိုက်သိမ်းစနစ်ပြန်ပြီး လည်ပတ်နိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရနိုင်မယ်ထင်လဲ။ လက်ရှိကာလမှာ ဘယ်သူ့တွေမှာ တာဝန်ရှိတယ်လို့ ထင်လဲ။
ဖြေ – လက်ရှိလုပ်ထားတဲ့ ကိုယ်ထူကိုယ်ထစနစ်ကိုပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သေချာလေး ပြန်လုပ်ပေးနိုင်ရင်တော့ ဖြေရှင်းနိုင်မယ်ထင်ပါတယ်။ အဓိကကတော့ သူတို့ပိုက်ဆံကောက်နေတာဆိုတော့ သူတို့တာဝန်ယူဖြေရှင်းပေးသင့်ပါတယ်။
မေး – အရင်ကတော့ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထအမှိုက်သိမ်းစနစ်နဲ့ လည်ပတ်ဖို့ စည်ပင်က ခွင့်ပြုပေးထားခဲ့တယ်။ ဒါပေမဲ့ကိုယ်ထူကိုယ်ထအမှိုက်စနစ်နဲ့ဆက်သွားလို့ အဆင်ပြေမယ်ထင်လား။ ဒါနဲ့ပတ်သက်လို့ မြို့နယ်စည်ပင်မှာ ဘယ်လိုတာဝန်ရှိတယ်လို့ထင်လဲ။
ဖြေ – အခုကိုယ်ထူကိုယ်ထစနစ်ကိုပဲ အမှိုက်ကားကိုရပ်ကွက်တွေဆီ ရက်အလိုက် ပုံမှန်သွားပေးနေရင် အဆင်ပြေလာမယ်ထင်ပါတယ်။ စည်ပင်တွေအနေနဲ့တော့ ပတ်ဝန်းကျင်မှာသန့်ရှင်းသပ်ရပ်နေဖို့က သူတို့မျှော်လင့်တဲ့အရာလို့ထင်ပေမဲ့ မလုပ်ပေးလာဘူးလေ။ တခြားလည်း ထွေထွေထူးထူးမပြောလိုဘူး။ ဒါကြောင့် အမှိုက် ကားသာ ပုံမှန်လာနိုင်ရင် လူတွေလည်း အခုလို ချောင်းတွေ၊မြောင်းတွေမှာ စွန့်ပစ်တာမျိုးတွေ မလုပ်နိုင်လောက်ပါဘူးလို့ထင်ပါတယ်။
မေး – တခြားပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ – မရှိပါဘူး။
မြိတ်မြို့၊ ကလွင်ရပ်ကွက်နေ အမျိုးသား
မေး – ကိုယ်နေတဲ့ ရပ်ကွက်မှာ အမှိုက်သိမ်းစနစ်က ဘယ်လိုရှိနေလဲ။
ဖြေ – မြိတ်မြို့မှာ ကတော့ အမှိုက်သိမ်းစနစ်ကတော့ကောင်းကောင်း မရှိဘူးပေါ့နော်။ တချို့ နေရာ တွေမှာ အမှိုက်ကားတွေတော့လာပါတယ်။ ထားဝယ်စုလိုနေရာ မျိုးမှာတော့ တပတ် တကြိမ် လာတယ်။ ကျနော်တို့ဆီမှာတော့ တစ်လမှ နှစ်ကြိမ်လောက်လာတယ်။ ရပ်ကွက်အများစုတော့ အမှိုက်ပြဿနာ ရင်ဆိုင်နေရတယ်ဗျ။ အာဏာမသိမ်းခင်ကတော့ အမှိုက်ကားက ရပ်ကွက်တိုင်း ရက်ခြားပုံမှန်လာပါတယ်။ လမ်းထိပ်မှာထားထားရင် သူက ပုံမှန်လာသိမ်းသွားတယ်။ အခုကတော့ ပိုက်ဆံပဲတိုးကောက်တယ်။ ကားက ပုံမှန်မလာဘူး။
မေး – အာဏာမသိမ်းခင်ကဆိုရင် အမှိုက်သိမ်းယာဥ်က ပုံမှန်လာလေ့ရှိတယ်။ အခုက တစ်လမှာတစ်ကြိမ်လာဖို့တောင်ခက်ခဲလာတယ်။ ဒီလိုမျိုး အမှိုက်သိမ်းစနစ်ပျက်စီး လာတာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လိုညစ်ညမ်းမှုတွေ ဖြစ်လာလဲ။
ဖြေ – ရပ်ကွက်ထဲမှာကတော့ အမှိုက်တွေ ဟိုလူပစ် ဒီလူပစ်နဲ့ အမှိုက်ပိုပုံလာတာပေါ့။ ဒီကြားထဲ အမှိုက်ကားကလည်း လာမသိမ်းတော့ ပိုဆိုးတယ်။ တချို့အိမ်တွေကြ အမှိုက်မီးရှို့ကြတယ်။ ဒါပေမဲ့ အဲ့ဒါက ခြောက်သွေ့ရာသီဆိုတော့ မီးတွေလောင်ကြတယ်လေ။ အခုလပိုင်းထဲ မြိတ်မှာ မီးခဏခဏလောင်တယ်ဗျ။ အမှိုက်မီးရှို့တာတွေကလည်း မီးလောင်တဲ့ အကြောင်းအရင်းထဲမှာ ပါတယ်ဗျ။
မေး – အမှိုက်သိမ်းခက ပိုတိုးလာပြီး လစဥ်ပုံမှန်လည်းလာကောက်နေတယ်လို့ သိရတယ်။ အမှိုက်သိမ်းယာဥ်တွေလာတာက အရင်ကထက် နည်းလာတဲ့အေပါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ – ရပ်ကွက်ဘက်ကရော၊ စည်ပင်ဘက်ကရော စီမံမှုညံ့ဖျင်းတယ်လို့ မြင်တယ်ဗျ။ ဒီအမှိုက်သိမ်းစနစ်ကို သူတို့ကောင်းကောင်းမလညတ်ပတ်တတ်လို့ ဒီလိုတွေဖြစ်တာပေါ့။
မေး – အမှိုက်သိမ်းစနစ်ပြန်ပြီး လည်ပတ်နိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရနိုင်မယ်ထင်လဲ။ လက်ရှိကာလမှာ ဘယ်သူ့တွေမှာ တာဝန်ရှိတယ်လို့ ထင်လဲ။
ဖြေ – အခုလက်ရှိမှာ တာဝန်အရှိဆုံးကတော့ စည်ပင်လို့ပဲထင်တယ်ဗျ။ သူ အလုပ်လုပ်မှ ရပ်ကွက် အမှိုက်သိမ်းစနစ်တွေကလည်း သေချာလည်ပတ်မှာလေဗျာ။ သူတို့ဘက်က ကောင်းကောင်း မစီမံပေးသရွေ့ ဒီအမှိုက်စနစ်က ဒီလိုပဲ လုံးချာလည်နေမှာပဲ။ သူတို့အလုပ်သေချာလုပ်သင့်တယ်လို့ ကျနော်ကတော့ ပြည်သူတစ်ယောက်အနေနဲ့ ထင်မြင်မိပါတယ်။
မေး – အရင်ကတော့ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထအမှိုက်သိမ်းစနစ်နဲ့ လည်ပတ်ဖို့ စည်ပင်က ခွင့်ပြုပေးထားခဲ့တယ်။ ဒါပေမဲ့ကိုယ်ထူကိုယ်ထအမှိုက်စနစ်နဲ့ဆက်သွားလို့ အဆင်ပြေမယ်ထင်လား။ ဒါနဲ့ပတ်သက်လို့ မြို့နယ်စည်ပင်မှာ ဘယ်လိုတာဝန်ရှိတယ်လို့ထင်လဲ။
ဖြေ – စည်ပင်က အလုပ်သေချာလုပ်မှ ရပ်ကွက်အလိုက် ကိုယ်ထူ ကိုယ်ထ စနစ်လည်း သေချာလည်ပတ်နိုင်မှာပါ။
မေး – တခြားပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ – စည်ပင်က သေချာအလုပ်မလုပ်တဲ့ အကျိုးဆက်အနေနဲ့ မြို့လမ်းမတွေပေါ်မှာတောင် အမှိုက်ပုံကြီးတွေ နေရာတကာပဲ။ အနံအသက်လည်းမကောင်းဘူး။ နောက် မီး(အန္တရာယ်)လည်း စိုးရိမ်ရတယ်ဆိုတာကို ထပ်ပြောချင်ပါတယ်။
The Tanintharyi Times