ကျွန်းစု၊ ချောင်းကြီးဝရွာက ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

ကျွန်းစု၊ ချောင်းကြီးဝရွာက ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

ပုံစာ - ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ချောင်းကြီးဝရွာနဲ့ ပြည်သူ့စစ်တွေကိုပို့ဆောင်ခဲ့တဲ့ ကံမော်ရွာဆေးရုံ။

ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ ချောင်းကြီးဝရွာက ပြည်သူ့စစ်ခေါင်းဆောင် ဦးမျိုးမင်းထိုက် မနေ့က ပစ်သတ်ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

မနေ့ကမွန်းလွဲ ၂ နာရီဝန်းကျင်က ချောင်းကြီးဝရွာကနေ တောင်ညပ်မီးသွေးဖောင်းကို လစဥ်ကြေးသွားကောက်ချိန်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ မဲတောကျေးရွာအုပ်စုနေ ဒေသခံတွေက ပြောပါတယ်။

ချောင်းကြီးဝရွာရဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးမျိုးမင်းထိုက်အပါအဝင် ပြည်သူ့စစ်လေးဦးလိုက်ပါလာတဲ့ စက်လှေ တောင်ညပ်မီးသွေးဖောင်းလှေဆိပ်ကို အရောက်မှာ နောက်ထပ်စက်လှေတစ်စီးရောက်ရှိလာပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့ဆိပ်ကမ်းကို ကပ်တဲ့အချိန်မှာပဲ ဟိုဘက်ကလှေကလည်းရောက်လာတယ်။ လာပစ်တဲ့သူတွေက အရပ်ဝတ်နဲ့ပဲ မျက်နှာစိမ်းတွေ။ ဘယ်သူပစ်တာမှန်းမသိရဘူး။ အပစ်ခံရတာကတော့ ပြည်သူ့စစ်တွေဗျ” လို့ မဲတောကျေးရွာအုပ်စုနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း ဦးမျိုးမင်းထိုက်မှာ ဦးနှောက်၊ ဝမ်းဗိုက်နဲ့ လက်နေရာတွေမှာ ကျည်ထိမှန်ဒဏ်ရာ၊ ကျန်ပြည်သူ့စစ် ၂ ဦးမှာ လက်မောင်းတွေမှာ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး နောက်တစ်ဦးကတော့ ရေထဲခုန်ချခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

အဲ့ဒီနောက် လာရောက်ပစ်ခတ်တဲ့ စက်လှေပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာ ရေထဲခုန်ချခဲ့တဲ့ ပြည်သူ့စစ်ကနေ သူတို့ရဲ့စက်လှေကိုမောင်းပြီး ဒဏ်ရာရသူတွေကိုပါ သယ်ယူထွက်ပြေးသွားခဲ့တယ်လို့ မဲတောကျေးရွာအုပ်စုနေ ဒေသခံတွေက ဆိုပါတယ်။

ဒဏ်ရာရသူတွေကို ကံမော်ကျေးရွာဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ ဦးမျိုးမင်းသိန်းကိုတော့ မြိတ်ဆေးရုံကြီးကို လွှဲပေးခဲ့တယ်လို့လည်း သိရပါတယ်။

မြိတ်ဆေးရုံကြီးကို ပို့ဆောင်နေစဥ်လမ်းမှာပဲ ချောင်းကြီးဝရွာပြည်သူ့စစ်ခေါင်းဆောင် ဦးမျိုးမင်းသိန်း ပြင်းထန်သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ အခင်းစဖြစ်ကတည်းက သူက ဆိုးဆိုးရွားရွားဒဏ်ရာရထားတော့ အားလုံးက သေမယ်ခန့်မှန်းထားကြတာ။ တကယ်လည်း လမ်းမှာပဲ ဆုံးတယ်” လို့ မဲတောကျေးရွာအုပ်စုနေ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးချိန်မှာပဲ ကံမော်ကျေးရွာက စစ်ကောင်စီတပ်သားတွေ ချောင်းကြီးဝရွာကို ရောက်ရှိလာပြီး စစ်ဆေးတာတွေရှိနေတာကြောင့် ချောင်းကြီးဝရွာက ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ကျွန်းစုမြို့နယ်တဝိုက်မှာ စစ်ရေးလှုပ်ရှားမှုရှိတဲ့ မြေပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ သူတို့လုပ်ဆောင်တာမဟုတ်ကြောင်းနဲ့ စုံစမ်းနေဆဲ ဖြစ်ကြောင်း ဖြေဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လလည်း ကျွန်းစုမြို့နယ် မင်းခေါင်းဆေးရွာက ပျူစောထီးဖွဲ့ဖို့ ကြိုးပမ်းခဲ့တဲ့ ရာအိမ်မှူးနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

The Tanintharyi Times