သီပေါမြို့မှာ လေကြောင်းတိုက်ခိုက်မှု ကြောင့် သုံးရက်အတွင်း ပြည်သူ ၄ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

သီပေါမြို့မှာ လေကြောင်းတိုက်ခိုက်မှု ကြောင့် သုံးရက်အတွင်း ပြည်သူ ၄ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း ၊ တအာင်းတပ်မတော် တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့ကို စစ်ကောင်စီက သုံးရက်ဆက်တိုက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စက်တင်ဘာ ၂၉ ရက်နေ့ တရက်ထဲမှာပင် သီပေါမြို့ ဒေသခံ ၄ ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ ရက်၊ နေ့လည်ပိုင်းမှာ စစ်ကောင်စီ လေတပ်ဟာ Y-12 လေယာဉ်နဲ့ သီပေါမြို့အတွင်းကို လိုက်လံဗုံးကြဲခဲ့တာကြောင့် သီပေါဆေးရုံ အပါအဝင် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ နေအိမ်၊ စာသင်ကျောင်း အနီးတဝိုက်၊ သီပေါတံတားနဲ့ မိုးလုံလေလုံအနီးတို့မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အဆိုပါ ဗုံးကြဲမှုကြောင့် သီပေါမြို့ ဓမ္မာရုံရှိ အမျိုးသား ၁ ဦး၊ နောက်ထပ် အမျိုးသား ၂ ဦး၊ ပရဟိတအသင်းဝင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရခဲ့ပါတယ်။

အဲဒီနေ့မှာပဲ သီပေါမြို့၊ ခါလိန်ကျေးရွာမှာလည်း ဗုံးကြဲခဲ့တာကြောင့် အသက် (၇) နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်ကတော့ သီပေါမြို့၊ ဇာတ်စုရပ်ကွက်နေ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်၊ ဈေးဆိုင်ခန်း ၁၀ ခုကျော် ပျက်စီးသွားတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မနေ့ညကလည်း သီပေါမြို့ကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော် TNLA တို့အကြား ဇွန်လကုန်ကစပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေကာ စက်တင်ဘာလထဲမှာလည်း တိုက်ပွဲကြောင့် တအာင်းဒေသတွင်း အရပ်သား ၂၆ ထိ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၄၁ ဦးထိရှိကာ နေအိမ် ၄၇ လုံး ပျက်စီးခဲ့ရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သီပေါမြို့မှာတော့ ဇူလိုင်လလယ်ကနေ ဩဂုတ်လလယ်အကြား ရက်ပေါင်း ၃၀ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၉ ဦး သေဆုံး၊ ၁၉ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times