ပုလောမှာတိုက်ပွဲဖြစ်ပြီး ကားလမ်းပိတ်နေ
ပုလောမှာတိုက်ပွဲဖြစ်ပြီး ကားလမ်းပိတ်နေ
ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု တမိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်လို့ ကားလမ်းတွေပိတ်ထားတာကြောင့် ခရီးသွားယာဉ်တွေလည်း ပိတ်မိနေတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
တမိုင်ရွာက ဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးမဟာမိတ်တပ်တွေက ဝင်ပစ်လို့ ဒီကနေ့မနက် ၇ နာရီလောက်ကတည်းကနေ တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲကြောင့် ပုလောတံတားထိပ်က ဂိတ်နဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၈၅)အနီးမှာရှိတဲ့ မကျည်းကုန်းရွာက ဂိတ်တွေကို စစ်ကောင်စီဘက်က ပိတ်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနက်ကတည်းက ပိတ်ထားတာ အခုထိမဖွင့်သေးဘူး။ ခရီးသည်တချို့လည်း ထမင်းမစားကြရသေးဘူး။ တချို့နေရာတွေက ထမင်းဆိုင်မရှိဘူးလေ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဒီကနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ပြောပါတယ်။
ဂိတ်ပိတ်ချထားပြီး စစ်ကောင်စီတပ်ရင်းတွေကနေ တမိုင်ရွာနဲ့အနီးတဝိုက်ကရွာတွေကို လက်နက်ကြီးရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တမိုင်တောင်ဘုရားကုန်းမှာရှိတဲ့ စစ်ကောင်စီစခန်းကနေ အနီးအနားရွာတွေဖြစ်တဲ့ ရှမ်းဒွတ်၊ ကျောက်လိပ်၊ အင်းမဝ၊ နတ်အိမ်တောင်၊ ဝက်တိုး၊ စပူပြင်၊ စက်ပြင်ကြီးရွာတွေဘက်ကိုလည်း တိုက်ပွဲမရှိဘဲ မကြာခဏလက်နက်ကြီးပစ်ခတ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တမိုင်ရွာက စစ်ကောင်စီတပ်စခန်းဟာ စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ကတည်းကရှိနေတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ခလရ(၂၈၅)နဲ ၅ မိုင်နီးပါးခန့်သာဝေးတာဖြစ်ပါတယ်။
“အရင်ကတော့ ပုလောကုန်းနဲ့ အတွင်းဘက်ရွာတွေကို အဲတမိုင်တောင်ကနေ ထောက်ပို့ပေးတာ။ အခုက ပုလောကုန်းရွာကို စကစတွေလက်လွှတ်လိုက်တော့ ထောက်ပို့လမ်းမဟုတ်တော့ပေမယ့် တမိုင်တောင်သာကျရင် ပုလောမြို့ဒီဖက်ခြမ်း စကစ ထိန်းချုပ်ထားတဲ့ရွာတွေနဲ့ တံတားထိပ် ကင်းတွေပါ ခြိမ်းခြောက်လာနိုင်မှာ။” လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ရေးအရ အချက်အချာကျတဲ့ တမိုင်ရွာက စစ်ကောင်စီတပ်စခန်းကုန်းကို တော်လှန်ရေးမဟာမိတ်တပ်တွေဘက်က မကြာခဏ ဝင်ပစ်လေ့ရှိတယ်လို့ လည်း အဲဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
တမိုင်တောင်စခန်းကနေ ထောက်ပို့လုပ်နေတယ်ဆိုတဲ့ ပုလောကုန်းရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်အထိုင်ချထားတဲ့စခန်းကိုတော့ အခုနှစ်ဇူလိုင်လ နောက်ဆုံးအပတ်ထဲမှာ စွန့်ခွာသွားတာဖြစ်ပါတယ်။
ပုလောမြို့နယ်ထဲမှာ တိုက်ပွဲတွေရှိတဲ့ အချိန်တိုင်း မကြာခဏ ကားလမ်းပိတ်လေ့ရှိပြီး တခါတလေ လဝက်နီးပါး ရက်ရှည်ပိတ်မိတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
The Tanintharyi Times