မြန်မာစစ်တပ်ကို လေယာဉ်ဆီ၊ လက်နက်ခဲယမ်းတွေ မလွှဲပြောင်းကြဖို့ ကုလညီလာခံမှာ တောင်းဆို
မြန်မာစစ်တပ်ကို လေယာဉ်ဆီ၊ လက်နက်ခဲယမ်းတွေ မလွှဲပြောင်းကြဖို့ ကုလညီလာခံမှာ တောင်းဆို
မြန်မာစစ်တပ်ဆီကို လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်း မီးကျောက်နဲ့ ဆက်စပ်ပစ္စည်းတွေ မလွှဲပြောင်းကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလညီလာခံမှာ တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီ အစည်းအဝေးမှာတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာ ဦးကျော်မိုးထွန်း လည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်သူတွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်စေရေး လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းတွေကို မလွှဲပေးကြဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့တာပါ။
မြန်မာနိုင်ငံဟာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ကတိကဝတ်တွေကို အပြည့်အဝလိုက်နာမှာ ဖြစ်သလို အရပ်သားအစိုးရလက်ထက်ကလည်း နျူးကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW နဲ့ နျူးကလီးယားလက်နက် စမ်းသပ်မှု ပိတ်ပင်ရေးဆိုင်ရာ စာချုပ် CTBT တို့ကို လက်မှတ်ထိုးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာမှာ စစ်အာဏာသိမ်းလိုက်တာကြောင့် TPNW ကို အတည်ပြုလက်မှတ်ထိုးခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်စေခဲ့ပေမယ့် နျူးကလီးယားလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးတည်ထောင်ရေးဆိုင်ရာ ရည်မှန်းချက်အားလုံးကို လိုက်နာဆောင်ရွက်သွားမယ်လို့ ဦးကျော်မိုးထွန်း အစည်းအဝေးမိန့်ခွန်းမှာ ကတိကဝတ်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်က လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို မြန်မာပြည်သူတွေ ခွစားနေရတာကြောင့် အဆိုပါ လက်နက်တွေရဲ့ ဖျက်စီးစွမ်းအားကို ကောင်းစွာ သိရှိနားလည်တယ်လို့ ဆိုပါတယ်။
နျူးကလီးယားလက်နက်နဲ့ လူအစုလိုက်အပြုံလိုက် သေကြေပျက်စီးစေနိုင်တဲ့ လက်နက်တွေဟာ ခွဲခြားမှုမရှိ အတိုင်းအတာမဲ့ ဖျက်ဆီးနိုင်စွမ်းရှိတာကြောင့် ကမ္ဘာကြီးအတွက် အလွန်အန္တရာယ်ကြီးမားသလို မြန်မာပြည်သူအပေါ် စစ်တပ်က ဖိနှိပ်တာတွေ ရပ်တန့်ဖို့ဆိုရင် ကုလအဖွဲ့ဝင်နိုင်ငံတွေက လက်နက်တွေကို လွှဲပြောင်းမှု မပြုဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လုံခြုံစိတ်ချရတဲ့ ကမ္ဘာကြီး ပေါ်ပေါက်စေရေးအတွက် ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်တွေ အားလုံးမှာ ပါဝင်ဆောင်ရွက်ဖို့ အမြဲအသင့်ရှိတယ်လို့လည်း အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့ အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ မြန်မာပြည်မှာ အသေးစားနျူးကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မယ်လို့ ပြောဆိုထားပြီး အာဏာသိမ်းကာလအတွင်း ရုရှားကို ၃ ကြိမ်ထက်မနည်း သွားရောက်ခဲ့ရာမှာ ရုရှားဆီက နျူးကလီးယားနည်းပညာတွေ လေ့လာခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
၂၀၂၁ ကနေ ၂၀၂၃ အထိ စစ်ကောင်စီနဲ့ ရုရှားအကြား နျူးကလီးယားနည်းပညာပူးပေါင်းဆောင်ရွက်ရေး နည်းလည်မှုစာချွန်လွှာရေးထိုးတာ၊ ရန်ကုန်မှာ နျူးကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ ဖွင့်လှစ်တာ၊ မြန်မာ-ရုရှားကြား နျူးကလီးယားနည်းပညာနယ်ပယ် ၁၄ ခုမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတဲ့အပြင် ဓာတ်ပေါင်းဖို့တည်ဆောက်ရေးအတွက် ပြင်ဆင်နေတာတွေကို စစ်ကောင်စီဘက်က လုပ်ဆောင်နေခဲ့ကြောင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
The Tanintharyi Times