ဘုတ်ပြင်းက ကျေးရွာအုပ်စုတစ်ခုမှာ စစ်မှုထမ်းလူစားထိုးဖို့ ကောက်ယူထားတဲ့ငွေတွေ ပြန်ပေး

ဘုတ်ပြင်းက ကျေးရွာအုပ်စုတစ်ခုမှာ စစ်မှုထမ်းလူစားထိုးဖို့ ကောက်ယူထားတဲ့ငွေတွေ ပြန်ပေး

ပုံစာ - ပလောက်မြို့၊ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁) သင်တန်းဖွင့်ပွဲ

ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမတ်ကျေးရွာအုပ်စုမှာ စစ်မှုထမ်းလူစားထိုးငှားရမ်းဖို့ အတွက်လို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ယူထားတဲ့ ငွေတွေကို ရွာခံတွေဆီ ပြန်ပေးခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့က ထောင်ကမတ်ကျေးရွာအုပ်စု က ကျေးရွာ ၅ ခု မှာ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းလူစားထိုးဖို့ အတွက်တစ်အိမ်ကိုသုံးသောင်းနှုန်းနဲ့ ကောက်ယူခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်မှာ ပြန်ပေးခဲ့တာဖြစ်တယ်လို့ ထောင်ကမတ်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

ထောင်ကမတ်ကျေးရွာအုပ်စုဝင်ရွာတွေဖြစ်တဲ့ ထောင်ကမက်၊ ချောင်းကရှက်၊ အောက်လိပ်၊ ကလန်းချောင်းနဲ့ သီရိမြိုင်ရွာတွေက ငွေထည့်ထားတဲ့ အိမ်အားလုံးကို တစ်အိမ်တက်ဆင်းပြန်လိုက်ပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

“ သတ်မှတ်ငွေပမာဏမပြည့်လို့ ပြန်ပေးတာလို့ ပြောတယ်။ သူတို့ဘယ်လောက်သတ်မှတ်ထားလဲတော့ ကိုယ်တွေလည်းမသိဘူး” လို့ ထောင်ကမတ်ကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ထောင်ကမတ်ကျေးရွာအုပ်စုမှာ အိမ်ခြေပေါင်း ၇၀၀ ကျော်ရှိပြီး စစ်မှုထမ်းလူစားထိုးရန်အတွက် ပိုက်ဆံမထည့်တဲ့ အိမ်ဟာ အနည်းစုသာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ပိုက်ဆံကောက်ယူစဥ်က စစ်မှုထမ်းအပတ်စဥ် (၃) အတွက်ကို ထောင်ကမတ်ကျေးရွာအုပ်စုကနေ လူ ၃ ဦး အစားထိုးငှားရမ်းပေးရမှာဖြစ်ပြီး လူတစ်ဦးကို ကျပ် ၁၈ သိန်းနဲ့ ငှားရမ်းရမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ ဒေသခံတွေက ရှင်းပြကြပါတယ်။

“ ငါးရွာပေါင်းရင် အိမ်ခြေ ၇၀၀ ကျော်လေ။ လူကုန်မထည့်ကြရင်တောင် သိန်းတစ်ရာကတော့ ကျော်မှာပဲ။ အဲ့တော့ ပိုက်ဆံပမာဏမပြည့်လို့ ပြန်ပေးတယ်ဆိုတာက အကြောင်းပြချက်တစ်ခုလို့ပဲ မြင်တယ်။ အရင်တစ်ခေါက်ပိုက်ဆံကောက်တုန်းက လိုင်းပေါ်သတင်းတွေတက်သွားတာနဲ့ သက်ဆိုင်မယ်လို့ ယူဆပါတယ်” လို့ ထောင်ကမတ်ကျေးရွာအုပ်စုနေ အမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး စစ်မှုထမ်းလူစားထိုးဖို့ပိုက်ဆံတွေကို ပြန်ပေးခဲ့တာကြောင့် နောက်ထပ် စစ်မှုထမ်းအပတ်စဥ်တွေ အတွက် လူခေါ်တဲ့အခါမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ငွေကြေးကောက်ယူမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိ၊မရှိဆိုတာကိုတော့ မသိရသေးဘူးလို့ ထောင်ကမတ်ကျေးရွာအုပ်စု ဒေသခံတွေက ပြောကြပါတယ်။

စစ်မှုထမ်းဖို့အတွက်ကို မဲစနစ်နဲ့ အတင်းအကြပ်ဖိအားပေး ရွေးချယ်လာမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ထောင်ကမတ်ကျေးရွာအုပ်စုနေ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လကလည်း ထောင်ကမတ်ကျေးရွာအုပ်စုမှာ တစ်အိမ်ကိုတစ်သောင်းနှုန်းနဲ့ စစ်မှုထမ်းလူစားထိုးဖို့အတွက် ကောက်ယူခဲ့ဖူးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီ စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း စစ်သင်တန်း အပတ်စဉ် ၄ ခုထိခေါ်ယူထားပါတယ်။ စစ်မှုထမ်း အပတ်စဉ် (၄) အတွက် တပ်သားသစ် ခေါ်ယူမှုကို ပြီးခဲ့တဲ့ ဇွန်လကတည်းက ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် နာမည်စာရင်း ကောက်ခံပြီး မြို့နယ်စစ်ကောင်စီရုံးတွေကနေတဆင့် ခေါ်ယူခဲ့ပါတယ်။

တနင်္သာရီတိုင်းတွင်းက စစ်မှုထမ်းခေါ်ယူခြင်းခံရတဲ့ တပ်သားသစ်တွေကို ပလောက်မြို့က အမှတ်-၁၂ အတန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်သင်တန်းပို့ချပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်ကစလို့ စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေကို တိုင်းအတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ အသုံးပြုလာနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

The Tanintharyi Times