မောင်မယ်ရှောင်ရွာထဲမှာ ဆယ်ရက်အတွင်းလေးကြိမ်တိုက်ပွဲဖြစ်
မောင်မယ်ရှောင်ရွာထဲမှာ ဆယ်ရက်အတွင်းလေးကြိမ်တိုက်ပွဲဖြစ်
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာထဲမှာ ပြီးခဲ့တဲ့ဆယ်ရက်အတွင်း လေးကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မောင်မယ်ရှောင်ရွာထဲကို မကြာခဏဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ကမနက်ပိုင်းမှာလည်း ဒေသခံလေးဦးကိုလူသားဒိုင်းပုံစံဖမ်းဆီးပြီး ရေဖြူမြို့နယ်ဘက်ကနေ အင်အား ၇၀ ဝန်းကျင်နဲ့ မောင်မယ်ရှောင်ရွာထဲကို ထပ်မံဝင်ရောက်လာခဲ့ပါတယ်။
မနေ့ကမွန်းလွဲ ၂ နာရီခွဲလောက်မှာတော့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“လမ်းမပေါ်မှာပဲဖြစ်ကြတာလို့ ကြားတယ်။ ပစ်နေတဲ့အသံတွေကတော့ တစ်နာရီကျော်လောက်တောင် ကြားတယ်” လို့ မောင်မယ်ရှောင်ရွာအနီးအနားမှာရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားသေဆုံးမှူများပြားခဲ့တယ်လို့ ဒေသခံတွေကပြောပေမဲ့ အတိအကျကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ကလည် ရွာထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက နေ့လယ်ပိုင်းနဲ့ ညပိုင်းမှာ နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ၂၄ ရက်နေ့ကလည်း ညနေပိုင်းမှာ မောင်မယ်ရှောင်ရွာထဲ နေအိမ်တွေကိုဖောက်ထွင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လာရောက်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေကြားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF၊ ADin Hmue – Dawei ၊ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ – DGRF၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YYPDF)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ (၁)နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ခွဲ (၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် TPLF က မနေ့က ထုတ်ပြန်ထားပါတယ်။
ရွာထဲကို မကြာခဏဝင်ရောက်တပ်စွဲနေထိုင်နေတဲ့စစ်ကောင်စီတပ်ဟာ ရွာသားတွေကို ဖမ်းဆီးတာ၊ သေနတ်နဲ့ပစ်ခတ်တာ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေကြောင့် မောင်မယ်ရှောင်ရွာခံတွေကတော့ ရွာလုံးကျွတ်နေအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
ရွာသားတွေမရှိတဲ့အချိန်စစ်ကောင်စီတပ်သားတွေက အိမ်တွေကိုရိုက်ဖွင့်ပြီး တန်ဖိုးကြီးပစ္စည်းတွေကိုလည်း တစ်ခေါက်ပြီးတစ်ခေါက် မြေတင်ကားတွေနဲ့သယ်ယူနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
“စစ်ကြောင်းခဏထွက်သွားရင် ခဏပြန်ဝင်ကြည့်ရတယ်။ ကိုယ့်အိမ်ကိုယ်ခဏဝင်ကြည့် ပြီးရင်ပြန်ထွက်လာပေါ့။ နေလို့ကမရတော့ဘူး။ အိမ်တွေကတော့ ခြုံတွေထူပြီး ကြောက်စရာကောင်းနေပြီ” လို့ ရွာခံအမျိုးသမီးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း မောင်မယ်ရှောင်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ လေးကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကာင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
မနေ့ကမောင်မယ်ရှောင်ရွာထဲကိုဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိအချိန်ထိရွာထဲမှာ တပ်စွဲနေထိုင်နေဆဲဖြစ်ပြီး အခုနေ့လယ်ပိုင်းမှာလည်း ပစ်ခတ်ခံတွေထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
The Tanintharyi Times