စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ရှပ်ရွာကအရပ်သားသုံးဦးကျည်စထိမှန်၊ နေအိမ်၃ဆောင်ထက်မနည်းပျက်စီး

စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ရှပ်ရွာကအရပ်သားသုံးဦးကျည်စထိမှန်၊ နေအိမ်၃ဆောင်ထက်မနည်းပျက်စီး

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျောက်ရှပ်ကျေးရွာမှာ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနဲ့နေအိမ်ထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အခုလ ၂၉ ရက်နေ့ ညနေ ၅ နာရီလောက်က ကျောက်ရှပ်ကျေးရွာအခြေစိုက်စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးအချက်ရေ ၁၀ ချက်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်ပြီး အသက် ၁၆ နှစ်ဝန်းကျင်အရွယ်ယောက်ျားငယ်တစ်ဦး၊ အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်နှင်းရည်နဲ့ မြေးဖြစ်သူတို့ထိခိုက်ဒဏ်ရာအသီးသီးရခဲ့ကြတယ်လို့ သိရပါတယ်။

“ဒေါ်နှင်းရီအိမ်နောက်ဖေးကျပြီးကျည်စစင်တာ။ ဘာတွေထိသွားလဲတော့မသိဘူး။ မြေးဖြစ်သူကတော့ပိုစိုးရိမ်ရတယ်ကြားတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နေအိမ်ပေါ်လက်နက်ကြီးကျည်တည့်တည့်ကျလို့ ထိခိုက်ပျက်စီးခဲ့တဲ့အိမ်က ၃ ဆောင်ရှိခဲ့ပြီး ဆိုပါတယ်။

အိမ်ပိုင်ရှင်တွေက စစ်ဘေးရှောင်ပြေးနေတဲ့အတွက် လူထိခိုက်သေဆုံးတာတော့မရှိဘူးလို့ သိရပါတယ်။

ဘုန်းကြီးကျောင်းတွေအပါအဝင် တခြားနေအိမ်တွေလည်း ကျည်စစင်ကာထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့ ဆိုပါတယ်။

“တီဗွီ၊ ရေခဲသေတ္တာတွေအကုန်ပျက်စီးကုန်တယ်။ အိမ်အများစုကသစ်အိမ်တွေများတယ်။ အဲအိမ်တွေရော အိမ်နားမှာကျည်ကျပေါက်ကွဲတဲ့အိမ်တွေရောက စကစနဲ့အဆက်သွယ်လုပ်နေတဲ့သူတွေချည်းပဲ။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဇွန်လ ၂၉ ရက် ညနေ ၃ နာရီ‌‌လောက်က ရေဖြူမြို့နယ်၊ ရေပုံးရွာနဲ့ကျောက်ရှပ်ရွာကြား မိုင်တိုင်အမှတ် ၄၁ အနီးမှာ ကင်းလှည့်နေတဲ့စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အခုလိုလက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း အဲဒီကားပေါ်မှာလိုက်ပါလာတဲ့ ခမရ(၄၀၉)တပ်ရင်းက ဗိုလ်ကြီးတစ်ဦးအပါအဝင် ခမရ(၄၀၈)တပ်ရင်းက စစ်ကောင်စီတပ်သား ၃ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့တယ်လို့ ကလိန်အောင်မြို့အခြေစိုက်ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကျောက်ရှပ်ကျေးရွာအုပ်စုထဲကို ဇွန်လ ၂၉ နဲ့ ၃၀ ရက်တွေမှာ စစ်ကောင်စီတပ်သား ၅ ယောက်ခန့်စုပြီး ဆိုင်ကယ်နဲ့ကင်းလှည့်တာတွေလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ကျောက်ရှပ်ကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်ကပစ်တဲ့ မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေလည်းအရင်ကတည်းကရှိနေပြီး စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့အရပ်သားတွေက စစ်ကောင်စီတပ်ရင်းတွေဆီသွားကာ လာရှင်းပေးဖို့ အကူအညီတောင်းပြောဆိုပေမဲ့ ငြင်းဆိုခံရတာတွေရှိနေတယ်လို့ သိရပါတယ်။

“၆ လပိုင်းအစလောက်ကသွားပြောတာ သူတို့ကျည်မဟုတ်ဘူးဆိုပြီးငြင်းလိုက်တယ်။ ကျည်က 79 (၄၀ မမ) လက်နက်ကြီးကျည်အမျိုးအစား” လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

အဲဒီကျည်ကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က လာရှင်းပေးသွားတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာလည်း ‌ရေဖြူမြို့ဘက်ကနေ ကလိန်အောင်မြို့ဘက်တက်လာတဲ့စစ်ကောင်စီယာဥ်တန်း ဟိန်းဇဲရွာ၊ ရေပုံးရွာ၊ ကျောက်ရှပ်ကျေးရွာအုပ်စု စတဲ့ကားလမ်းမတလျှောက်မှာ ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

လက်ရှိ ကလိန်အောင်-ရေဖြူလမ်းပိုင်းကို စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ခရီးသွားပြည်သူတွေအနေနဲ့ မနက် ၅ နာရီကနေ ည ၈ နာရီအထိသာ အသုံးပြုသွားလာကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

The Tanintharyi Times