အာဏာသိမ်းလေးနှစ်ပြည့် နဲ့ စစ်ကောင်စီအဖွဲ့ဝင် အပြောင်းအလဲများ

အာဏာသိမ်းလေးနှစ်ပြည့် နဲ့ စစ်ကောင်စီအဖွဲ့ဝင် အပြောင်းအလဲများ

စစ်တပ်က အာဏာသိမ်းတာ ၄နှစ်ပြည့်ချိန် အာဏာသိမ်းစစ်ခေါင်းဆောင်က ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးထပ်မံခေါ်ယူပြီး အရေးပေါ်ကာလကို နောက်ထပ် ၆လ သက်တမ်းတိုးလိုက်သလို စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် ရာထူးအပြောင်းအရွှေ့တွေလည်း မနေ့က ပြုလုပ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်က စစ်ကောင်စီကို ပြင်ဆင်ဖွဲစည်းတာ၊ စစ်အစိုးရအဖွဲ ပြင်ဆင်ဖွဲစည်းတာတွေနဲ့ ရာထူးအပြောင်းအရွေ့တော်တော်များများပြုခဲ့တာ တွေ့မြင်ရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) စစ်ကောင်စီအဖွဲဝင်တွေထဲက ဝ တိုင်းရင်းသား ဦးရန်ကျော်နဲ့ ပလောင်တိုင်းရင်းသား ဦးရွှေကြိမ်းတို့ကို ကောင်စီဝင်အဖြစ်ကနေ ဖယ်ရှားလိုက်ပြီး ကောင်စီဗဟိုအကြံပေးအဖွဲဝင်တွေ အဖြစ်ခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။

ထိပ်တန်းရာထူးတွေဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ရာထူးနေရာကနေ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ဖယ်ရှားလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်လိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ရဲ့နေရာဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့ပါတယ်။

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်အဖြစ်ပြောင်းခံရပြီး သူ့နေရာမှာ ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြည်ထဲရေးဒုဝန်ကြီးဖြစ်လာပါတယ်။

အခုလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်ရဲ့ ရာထူးအပြောင်းအရွေ့တွေကြား ရာထူးလက်လွှတ်လိုက်ရတဲ့သူ တချို့လည်းရှိနေပါတယ်။

လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာသက်သက်ခိုင်က ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးအဖြစ်ကနေ ဖယ်ရှားခံရပါတယ်။

ထို့အတူဘဲ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်၊ အာကစားနဲ့ လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံတို့လည်း အနားပေး ဖယ်ရှားခံရပါတယ်။

ဒေါက်တာသက်သက်ခိုင်နေရာမှာတော့ ဦးကျော်စိုးဝင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးအဖြစ်၊ ဦးမြင့်နောင်နေရာမှာ ဦးချစ်ဆွေက အလုပ်သမားဝန်ကြီးအဖြစ်နဲ့ ဦးမင်းသိန်းဇံနေရာမှာ Jeng Phang နော်တောင်က အာကစားနဲ့လူငယ်ရေးရာဝန်ကြီးအဖြစ် အသီးသီး အစားထိုးခန့်အပ်ခံရပါတယ်။

အလားတူဘဲ ပညာရေး ဒုဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းလည်း အနားပေးဖယ်ရှားခံရပြီး ဦးနေမျိုးလှိုင် ပညာရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

အခုလို ရာထူးအပြောင်းအရွေ့အများအပြား ပြုလုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်အနေနဲ့ ယခု ၂၀၂၅ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ယခင်က ပြောဆိုထားတာတွေရှိနေပေမယ့် လက်တလောအခြေအနေအရ ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖွယ်ရာ မရှိဘူးလို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

တဖက်မှာလည်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်အသက်သွင်းပြီးနောက် စစ်မှုထမ်းအကျုံးဝင် အသက်အပိုင်းအခြားရှိတဲ့ လူငယ်တွေကို ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်တွေ ပိတ်ပင်လိုက်ပါတယ်။

ဒီလိုအခြေအနေမှာ စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူတာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ ဒီနှစ်အတွင်း ပိုမိုဆိုးရွားစွာလုပ်ဆောင်လာနိုင်ပြီး ရွေးကောက်ပွဲမကျင်းပခင် စစ်တပ်က ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်တာတွေလည်း ပြန်စလာနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ မြန်မာနိုင်ငံမှာ ဘေးကင်းလုံခြုံမှု အပါအဝင် နိုင်ငံရေးအခွင့်အရေးတွေကို လွတ်လပ် ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်တဲ့ အခြေအနေတွေ မရှိသေးဘဲ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပဋိပက္ခတွေ ပြင်းထန်နေချိန် စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမှာကို စိုးရိမ်တယ်လို ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်ကောင်စီက လက်လွှတ်ထားရတဲ့ ရခိုင်ဒေသ၊ ရှမ်းမြောက်၊ ကချင်နဲ့ ချင်းပြည်နယ် တချို့ဒေသတွေ၊ မြန်မာနိုင်ငံအလယ်ပိုင်း က တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့နေရာတွေမှာတော့ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်မရှိပါဘူး။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပလို့ရမယ့်နေရာတွေမှာ အပိုင်းအခြားအလိုက် ကျင်းပပြီး ကျန်ရှိနေတဲ့ ဒေသတွေကို နယ်မြေရှင်း စစ်ဆင်ရေးတွေလုပ်ဆောင်ပြီး ဆက်ကျင်းပဖို့စစ်တပ်ကလုပ်ဆောင်နေတယ်လိုလည်း သတင်းတွေထွက်ပေါ်နေတာတွေ ရှိနေပါတယ်။

The Tanintharyi Times